၈ ဇွန်
၂၀၁၉ ခုနှစ် ဇွန်လ ၉ ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ မော်ကွန်းတိုက်များကောင်စီ (International Council on Archives, ICA) တည်ထောင်သည့် (၇၁) နှစ်ပြည့် အထိမ်းအမှတ်နေ့ဖြစ်ပါသည်။ အပြည်ပြည်ဆိုင်ရာ မော်ကွန်းတိုက်များ ကောင်စီသည် ကမ္ဘာတစ်ဝန်းလုံးရှိ အသင်းဝင်နိုင်ငံပေါင်း ၁၉၉ နိုင်ငံမှ မော်ကွန်းတိုက်အဖွဲ့အစည်းပေါင်း ၁၄၀ဝ ကျော်ဖြင့် ဖွဲ့စည်းထားသည့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံများကို မော်ကွန်းထိန်းသိမ်းမှု နည်းပညာများ၊ လုပ်ငန်းစံနှုန်းများနှင့် အတွေ့အကြုံများ မျှဝေပေးလျက်ရှိသည့် အသင်းအဖွဲ့တစ်ခုဖြစ်ပါသည်။ ၎င်း ICA အသင်းကြီး စတင်တည်ထောင်ခဲ့သည့် ဇွန်လ ၉ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ မော်ကွန်းတိုက်များနေ့အဖြစ် သတ်မှတ်ကာ အဖွဲ့ဝင်နိုင်ငံများရှိ မော်ကွန်းတိုက်များတွင် မော်ကွန်းတိုက်နေ့ အထိမ်းအမှတ်လှုပ်ရှားမှုများကို နှစ်စဉ် ဆောင်ရွက်ကြပါသည်။
အပြည်ပြည်ဆိုင်ရာ မော်ကွန်းတိုက်များနေ့ ဆောင်ပုဒ်
၂၀၁၉ ခုနှစ်အတွက် အပြည်ပြည်ဆိုင်ရာ မော်ကွန်းတိုက်များနေ့ ဆောင်ပုဒ်မှာ “Designing the archives in 21 centu-ry” (၂၁ ရာစုနှစ်အတွင်း မော်ကွန်းတိုက်အားပုံဖော်သတ်မှတ်ခြင်း) ဖြစ်ပြီး မော်ကွန်းတိုက်များအနေဖြင့် ၂၁ ရာစုနှစ်အတွင်း မိမိတို့ ဆောင်ရွက်မည့်လုပ်ငန်းများအား မည်သည့်အထိ ရည်မှန်းချက်ထားရှိ၍ မည်သို့ဆောင်ရွက် သွားကြမည်ကို ပုံဖော်သတ်မှတ်ဆောင်ရွက်သွားရန် ဖြစ်ပါသည်။ ၂၁ ရာစုနှစ်အတွက် မော်ကွန်းတိုက်ပုံစံ သတ်မှတ်ရာတွင် နိုင်ငံတော်နှင့် မိမိနိုင်ငံသားများ၊ မိမိတို့၏ လူမှုအသိုင်းအဝန်းနှင့် အဖွဲ့အစည်းများအား မှတ်တမ်းမော်ကွန်းများဖြင့် မည်သို့ပိုမိုထိရောက်စွာ ဝန်ဆောင်မှုပေးနိုင်မည်၊ မည်သည့်အခွင့်အလမ်းများ ပိုမိုဖန်တီးဆောင်ရွက်ပေးနိုင်မည်ကို အဓိက ဦးတည်ဆောင်ရွက်သွားကြရမည်လည်း ဖြစ်ပါသည်။
မော်ကွန်းတိုက်များသည် ယခင် အတိတ်ကာလတစ်ခု၌ ၎င်းတို့အား တည်ထောင်သည့် အဖွဲ့အစည်းများ၏ အကျိုးအတွက်သာ ဖြစ်ခဲ့ပါသည်။ အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက် ဦးစီးဌာနသည်လည်း အစိုးရမှတ်တမ်းများကို သိမ်းဆည်းထားသည့် အစိုးရဌာနဖြစ်သည့် အားလျော်စွာ ဗဟိုအာဏာပိုင်အဖွဲ့အစည်းများနှင့် အစိုးရဝန်ကြီးဌာနများကိုသာ အဓိက အထောက်အကူပြုပေးခဲ့ပြီး မော်ကွန်းတိုက် တည်ရှိမှုအား ပြည်သူများအကြား ကျယ်ကျယ်ပြန့်ပြန့် သိရှိမှုနည်းပါးခဲ့ပါသည်။
သမိုင်းကြောင်း
အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာန၏ သမိုင်းကြောင်းကိုကြည့်လျှင် တော်လှန်ရေးကောင်စီ စနစ်သစ်အုပ်ချုပ်ရေးအရ အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက် ဦးစီးဌာနကို ၁၉၇၂ ခု မတ်လ ၁၅ ရက်နေ့၌ စတင်ဖွဲ့စည်းခဲ့ပြီး ယခင်အတွင်းဝန်ရုံးစာကြည့်တိုက်ရှိ စာအုပ်စာတမ်းများဖြင့် စတင်တည် ထောင်ခဲ့ပါသည်။ ဆက်လက်၍ ၁၉၇၄-၁၉၇၅ ခုနှစ်တွင် တော်လှန်ရေးကောင်စီစာတွဲများ၊ ၁၉၇၅-၁၉၇၆ ခုနှစ်တွင် နိုင်ငံခြားရေးဝန်ကြီးဌာနမှ လွှဲပြောင်းပေးသည့် ၁၈၃၅ ခုနှစ်မှ ၁၉၄၅ ခုနှစ်အထိ ဗြိတိသျှခေတ်ဟောင်း စာတွဲများကို လက်ခံရရှိခဲ့ပြီး ၁၉၇၆-၁၉၇၇ ခုနှစ်တွင် India Office Library မှ ပုံတူကူးယူခဲ့သည့် ဗြိတိသျှခေတ်တစ်ခေတ်လုံး၏ နှစ်ချုပ်အစီရင်ခံစာများ၊ ဌာနဆိုင်ရာ အစီရင်ခံစာများနှင့် လွှတ်တော်မှတ် တမ်းများပါဝင်သည့် မိုက်ကရိုဖလင်လိပ် ၁၂၃ လိပ်ကို စုဆောင်းနိုင်ခဲ့ပါသည်။ မှတ်တမ်းမော်ကွန်းများသည် သိမ်းဆည်းရုံသက်သက်ဖြင့် တန်ဖိုးမရှိဘဲ ပြန်လည်ရည်ညွှန်း ကိုးကားအသုံး ပြုနိုင်မှသာ မော်ကွန်းတန်ဖိုး ပေါ်လွင်မည်ဖြစ်ပါသောကြောင့် နိုင်ငံတော်အစိုးရ အဖွဲ့အစည်းများ၊ ပြင်ပသုတေသီများနှင့် ကျောင်းသားများအား ၁၉၇၄ ခုနှစ်တွင် စတင်ဖတ်ရှုခွင့်ပြုခဲ့ပြီး ဌာနတွင် သိမ်းဆည်းထားသည့်မှတ်တမ်း၊ မော်ကွန်းများ အနက်မှ ၁၉၄၈ ခုနှစ် အစောပိုင်းကာလ ဗြိတိသျှ ခေတ် ( လွတ်လပ်ရေးမရမီခေတ် ) မှတ်တမ်းများကို မှီငြမ်းကိုးကားခွင့် ပြုခဲ့ပါသည်။
ရည်ညွှန်းစာဖတ်ခန်းဖွင့်လှစ်
စတင်ဆောင်ရွက်စဉ်က သုတေသီများအား သာမန်အခန်းငယ်တစ်ခုတွင်သာ ဝန်ဆောင်မှုပေးနိုင်ခဲ့ပြီး စာရှာအကူအဖြစ် တိုက်ပိုင်စာရင်း စာအုပ်များကိုသာ အထောက်အကူပြုပေးနိုင်ခဲ့ပါ သည်။ ၂၀ဝ၀ ပြည့်နှစ်မှစတင်၍ နိုင်ငံတကာ အဆင့်မီ ရည်ညွှန်းစာဖတ်ခန်းတစ်ခုကို ဖွင့်လှစ်နိုင်ခဲ့ပြီး ကွန်ပျူတာ၊ မိုက်ကရိုဖလင် ဖတ်စက်၊ မိုက်ကရိုဖစ်ချ်ဖတ်စက် အစရှိသည့် စာဖတ်ခန်းသုံး ခေတ်မီစက်ပစ္စည်းများ၊ စာဖတ်ခန်းသုံး ပရိဘောဂများဖြင့် ဖြည့်ဆည်းကာ စာရှာအကူအဖြစ် တိုက်ပိုင်စာရင်းစာအုပ်သာမက စာကြည့်တိုက်သုံး Electronic Library Software Database စနစ်ဖြင့် ကွန်ပျူတာတွင် ရှာဖွေဖတ်ရှုနိုင်ရန် ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ ယခင်က သုတေသီများ ဖတ်ရှုလိုသည့်စာများ ရှာဖွေရာတွင် တိုက်ပိုင် စာအုပ်ကိုသာ အားကိုးရှာဖွေခဲ့ရ၍ အချိန်ကြာမြင့် မှုရှိခဲ့ရာမှ Electronic Library Software စနစ်ဖြင့် ကွန်ပျူတာအသုံးပြု၍ အချိန်တိုအတွင်း လျင်မြန်စွာရှာဖွေနိုင်ရန် ဆောင်ရွက်နိုင်ခဲ့ပါသည်။ ၂၀ဝ၈ ခုနှစ်တွင် Library Software Data-base စနစ်အစား မော်ကွန်းတိုက်လုပ်ငန်းသုံး မော်ကွန်းစီမံခန့်ခွဲမှုစနစ်များနှင့် လိုက်လျောညီထွေရှိမည့် National Archives Information System Database စနစ်ကို ပြောင်းလဲဆောင် ရွက်ခဲ့ပါသည်။ မော်ကွန်းတိုက်အနေဖြင့် ထိုသို့သုတေသီများ အဆင်ပြေစွာဖတ်ရှုနိုင်ရန် အလွယ်တကူဆောင်ရွက်ခဲ့ရသည်တော့ မဟုတ်ပါ။ မိမိတို့ ဆောင်ရွက်မည့် Database စနစ်သည် မော်ကွန်းစီမံခန့်ခွဲမှုစနစ်နှင့် လိုက်လျောညီထွေဖြစ်မည့် စာရှာ၊ စာသိမ်းပုံစံများ ဖြစ်စေရန် MCC ကုမ္ပဏီနှင့် ကြိမ်ဖန်များစွာ ညှိနှိုင်းဆွေးနွေးခြင်း၊ ရေးဆွဲပြီးသည့် စနစ်အပေါ်တွင် အားနည်းချက်များ ရှာဖွေပြင်ဆင်ခြင်း၊ ဝန်ထမ်းများအား လေ့ကျင့်သင်ကြားပေးခြင်း၊ လက်တွေ့ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများ၊ အမှားအယွင်းများကို ပြင်ဆင်ရေးဆွဲရခြင်း၊ မော်ကွန်းမှတ်တမ်းစာတွဲများ၏ တိုက်ပိုင်စာရင်းများကို Data Entry သွင်းခြင်း၊ စာတွဲများကို Digitization ဆောင်ရွက်၍ Data Upload ပြုလုပ်ခြင်းစသည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို အချိန်ယူဆောင်ရွက်ခဲ့ရပါသည်။ မော်ကွန်းတိုက်လုပ်ငန်းများ အဆင့်မြင့်မားစေရန်နှင့် သုတေသီဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုကောင်းမွန်စေရန်အတွက် မော်ကွန်းတိုက်ဌာန အကြီးအကဲများ၏ အမြော်အမြင်နှင့် နိုင်ငံတော်အကြီးအကဲများ၏ မော်ကွန်းတိုက်ဖွံ့ ဖြိုးတိုးတက် စေရန် အားပေးပျိုးထောင်မှုများကြောင့် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။
ဖတ်ရှုခွင့်ကာလ ဖြေလျှော့
သုတေသီများ မော်ကွန်းမှတ်တမ်းများကို ပိုမိုရည်ညွှန်းကိုးကားနိုင်ရန်အတွက် ၂၀၁၂ ခုနှစ်တွင် သုတေသီ ဖတ်ရှုခွင့်ကာလကို ၁၉၄၈ ခုနှစ်မှ ၁၉၆၃ ခုနှစ်အထိ ဖြေလျှော့ကာ ဖတ်ရှုခွင့်တိုးမြှင့်ပေးခဲ့သဖြင့် သုတေသီများအနေဖြင့် ၁၉၆၃ ခုနှစ်အထိ တော်လှန်ရေးကောင်စီခေတ် မှတ်တမ်းများအထိ သုတေသနပြုလာနိုင်ပြီဖြစ်ပါသည်။ ဆက်လက်၍ ၁၉၇၄ ခုနှစ်အထိ မှတ်တမ်းများကို ဖြေလျှော့နိုင်ရန် အဆိုပါကာလအတွင်း အကျုံးဝင်သည့် စာတွဲများ စိစစ်အကဲဖြတ်သည့်လုပ်ငန်းကို ဆောင်ရွက်လျက် ရှိပါသည်။
မျိုးသားမော်ကွန်းတိုက်အနေဖြင့် သုတေသီ ဝန်ဆောင်မှုလုပ်ငန်းများတွင်သာမက မှတ်တမ်းများအား စဉ်ဆက်မပြတ် ရယူစုဆောင်းနိုင်ရန်အတွက် မှတ်တမ်းရယူ စုဆောင်းခြင်းလုပ်ငန်းကိုလည်း တိုးမြှင့်ဆောင်ရွက်ခဲ့ရာ ၁၉၉၀ ပြည့်နှစ်တွင် မော်ကွန်းအုပ်စု ၁၇ ခုသာရှိခဲ့ရာမှ ယခုအခါ မော်ကွန်းအုပ်စု ၂၉ ခုအထိ တိုးမြှင့်ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်ပါသည်။ မော်ကွန်းထိန်းသိမ်းမှု နည်းပညာများတွင်လည်း စက္ကူမှတ်တမ်း၊ ဖလင်မှတ်တမ်းများမှသည် ဒစ်ဂျစ်တယ်မှတ်တမ်းပုံစံဖြင့် ပြောင်းလဲသိမ်းဆည်းခြင်းကို ခေတ်နှင့်အညီ ပြောင်းလဲဆောင်ရွက်နိုင်ခဲ့ပါသည်။ ၎င်းအပြင် မော်ကွန်းမှတ်တမ်းတို့၏ သက်တမ်း (Life Span)ရှည်ကြာစေ၍ ပျက်စီးယိုယွင်းမှု အနည်းပါးဆုံးဖြစ်စေရန် ထိန်းသိမ်းခြင်းနှင့် ပြုပြင်ခြင်း (Preser- vation and Conservation) လုပ်ငန်းများကိုလည်း ICA အဖွဲ့မှ ထုတ်ဝေသည့် လုပ်ငန်း လမ်းညွှန်ပါ သတ်မှတ်စံနှုန်းများ၊ နည်းပညာများနှင့်အညီ ဆောင်ရွက်လျက်ရှိပါသည်။
မော်ကွန်းပညာ ပြန့်ပွားရေးလုပ်ငန်းများ အရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်
မော်ကွန်းတိုက်အနေဖြင့် မကြာသေးသော နှစ်များအတွင်း မော်ကွန်းပညာပြန့်ပွားရေး လုပ်ငန်းများကို အရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်ခဲ့ပါသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အစိုးရဌာနများမှ အဆင့်မြင့် အရာထမ်းများနှင့် တွေ့ဆုံ၍ အစိုးရဌာနများတွင် မှတ်တမ်းခန်းများ စနစ်တကျထားရှိပြီး မှတ်တမ်းများ ထိန်းသိမ်းနိုင် ရေးအတွက် ဆွေးနွေးပွဲများ ဆောင်ရွက်ခြင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အစိုးရအမှုထမ်းနှင့် အရာထမ်းများအား မှတ်တမ်းထိန်းသိမ်းမှုသင်တန်းများ ပို့ချခြင်း၊ မှတ်တမ်းများ လွှဲပြောင်းရယူနိုင်ရန် ကွင်းဆင်းဆောင်ရွက်ခြင်းတို့ကို အင်တိုက်အားတိုက်ဆောင်ရွက်ခဲ့ပါသည်။ ထို့အပြင် အခြေခံပညာကျောင်းများမှ စတင်၍ အဖွဲ့အစည်းအသီးသီးနှင့် ပြည်သူလူထုအတွင်း မော်ကွန်းအသိပညာ တိုးပွားစေရေးအတွက် မော်ကွန်းပြပွဲများကို အခါအားလျော်စွာ ဖွင့်လှစ်ပြသပေးခဲ့ပါသည်။ မော်ကွန်းပြပွဲသို့ လာရောက်ကြည့်ရှုသည့် ကျောင်းသားကလေးငယ်များနှင့် ပြည်သူတို့၏ မော်ကွန်းမှတ်တမ်းများအပေါ်တွင် စိတ်ဝင်တစားရှိမှု၊ စိတ်အားတက်ကြွမှုများကို မြင်တွေ့ရသဖြင့် အနာဂတ်တွင် မော်ကွန်းပညာရပ်များ ထွန်းတောက်လာမည်ဟုလည်း ယုံကြည်မိပါသည်။
အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာန တည်ထောင်ခဲ့သည့်နှစ်များအတွင်း မော်ကွန်း အုပ်စုအရေအတွက် တိုးပွားလာခြင်း၊ မော်ကွန်း၊ မှတ်တမ်းအရေအတွက် တိုးပွားလာခြင်း၊ မော်ကွန်းစီမံခန့်ခွဲမှုလုပ်ငန်းများကို ခေတ်နှင့်အညီ ဆောင် ရွက်နိုင်ခြင်း၊ စက္ကူမှတ်တမ်း(Conventional Record) များအား Electronic Format ဖြင့် ပြောင်းလဲသိမ်းဆည်းနိုင်ခြင်း၊ သုတေသီဝန်ဆောင်မှုလုပ်ငန်းများတွင် သတ်မှတ်ချက်များ ဖြေလျှော့ပေး၍ ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုစနစ်ကို ဆောင်ရွက်ပေးနိုင်ခြင်း၊ ဌာနဆိုင်ရာအဖွဲ့ အစည်းများနှင့် ပြည်သူလူထုအတွင်း မော်ကွန်းတိုက်တည်ရှိမှုနှင့် မော်ကွန်းမှတ်တမ်း သဘောတရားများ သိရှိနိုင်ရန် ဆောင်ရွက်ပေးနိုင်ခြင်းတို့ကို ကြည့်လျှင် နှစ်ပေါင်း ၅၀ ခန့်အတွင်း အရွေ့တစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်ပါသည်။
ရှေ့သို့ဆက်၍ မော်ကွန်းတိုက်၏ မူဝါဒများ၊ မျှော်မှန်းချက်များ အောင်မြင်စေရန် လျှောက်လှမ်း ရဦးမည်ဖြစ်ပါသည်။ ရှေ့ဆက်မည့်လမ်းတွင် အမျိုး သားမော်ကွန်းတိုက်အား ပွင့်လင်းမြင်သာမှုရှိပြီး ကောင်းမွန်သော အစိုးရအုပ်ချုပ်ရေးယ္တရားကို အထောက်အကူပြုပေးနိုင်ရန်၊ ပြည်သူများအကြား မော်ကွန်းအသိအမြင်များတိုးပွား၍ မော်ကွန်း ပညာရပ်အပေါ်တွင် စိတ်ပါဝင်စားမှုမြင့်မားလာစေရန်၊ မော်ကွန်းမှတ်တမ်းအသုံးပြုမှုများ မြင့်မားလာစေရန်နှင့် အသုံးပြုနိုင်မည့်အခွင့်အလမ်းများ ဖော်ဆောင်ပေးရန် ရည်မှန်းချက်များ ထားရှိဆောင်ရွက်သွားရန် လိုအပ်ပါသည်။
ရည်ညွှန်းကိုးကားခွင့်၊ ပုဂ္ဂိုလ်ရေး စောင့်ထိန်းခွင့်နှင့် စည်းမျဉ်းစည်းကမ်းများအကြား ဟန်ချက်ညီစွာ ဆောင်ရွက်
မော်ကွန်းတိုက်အနေဖြင့် သုတေသီများနှင့် လူမှုအသိုင်းအဝိုင်းများမှ မော်ကွန်းမှတ်တမ်းများအား ပိုမိုချဉ်းကပ်လေ့လာနိုင်မည့် အခွင့်အလမ်းများကို အတတ်နိုင်ဆုံးဖန်တီးပေးရမည် ဖြစ်သော်လည်း လက်တွေ့နယ်ပယ်တွင် လိုက်နာစောင့်စည်းရမည့် စည်းမျဉ်းဥပဒေများ များပြားလှပါသည်။ နိုင်ငံတော်လုံခြုံရေးအရ လည်းကောင်း၊ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု မပျက်ပြားစေရန်လည်းကောင်း၊ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ စောင့်ထိန်းရမည့်ကိစ္စရပ်များကြောင့် လည်းကောင်း၊ မော်ကွန်းဥပဒေအရ သိမ်းဆည်းထားရမည့် ကာလ အကန့်အသတ်များအရ လည်းကောင်း ထိန်းချုပ်ကန့်သတ်မှုများလည်းရှိပါ၍ လွတ်လပ်စွာရည်òန်း ကိုးကားခွင့်နှင့် လိုက်နာစောင့်ထိန်းရမည့် စည်းမျဉ်းများအကြား လိုက်လျောညီထွေစွာ ဆောင်ရွက်နိုင်ရန် အရေးကြီးပါသည်။ နိုင်ငံတော်၏ အကျိုးစီးပွား၊ ပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ ကိုယ်ရေးကိုယ်တာ စောင့်ထိန်းပိုင်ခွင့်နှင့် လူ့အဖွဲ့အစည်းများ၏ သိပိုင်ခွင့်များအကြား ဟန်ချက်ညီစွာ ဆောင်ရွက်ရမည်ဖြစ်ပါသည်။
မော်ကွန်းထိန်းသိမ်းမှု လုပ်ငန်းများသည် စာပေနှစ်သက်သူတို့အတွက် လွန်စွာစိတ်ဝင်စားဖွယ်၊ နှစ်သက်ဖွယ်ကောင်းသည့် လုပ်ငန်းများဖြစ်ပါသည်။ မော်ကွန်းတိုက်သည် စာပေဝါသနာပါသူ၊ ဗဟုသုတရှာမှီးလိုသူများအတွက် လေ့လာ၍ မကုန်နိုင်သည့် ဗဟုသုတဟင်းလေးအိုးကြီး (သို့) သုတရတနာသိုက်ကြီးလည်း ဖြစ်ပါသည်။ မော်ကွန်းမှတ်တမ်းများသည် ထိတွေ့မရနိုင်သည့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် (Intengible Cultural Heritage) အမျိုးအစားတွင် ပါဝင်ပြီး အခြားသော ဒြပ်ရှိယဉ်ကျေးမှုအမွေအနှစ်များ (Tengible Cultural Heritage) ကဲ့သို့ပင် ထိန်းသိမ်းစောင့်ရှောက်ရမည့် ယဉ်ကျေးမှုအမွေအနှစ်များ ဖြစ်ပါသည်။ မှတ်တမ်းမော်ကွန်းများသည် နိုင်ငံတစ်နိုင်ငံ၏ ပထဝီအနေအထား၊ သဘာဝပတ်ဝန်းကျင်၊ နယ်နိမိတ်အပိုင်းအခြား၊ ယဉ်ကျေးမှုနှင့် အုပ်ချုပ်မှုသမိုင်းကြောင်း အစဉ်အလာတို့ကို ဖော်ပြပါသည်။ ကောင်းစွာ ထိန်းသိမ်းစောင့်ရှောက်ထားသော ပြည့်စုံသည့် မော်ကွန်းတစ်ရပ်သည် ကမ္ဘာ့ယဉ်ကျေးမှုအမွေ အနှစ်စာရင်းသို့ ဝင်ရောက်နိုင်သည်အထိ တန်ဖိုးရှိပါ၍ မှတ်တမ်း၊ မော်ကွန်းများကို ကောင်းစွာ ထိန်းသိမ်းစောင့်ရှောက်သင့်ပါသည်။
မှတ်တမ်းခန်းများ ပေါ်ပေါက်လာရန် အားပေးကူညီ
သို့ဖြစ်၍ မှတ်တမ်းများ ဆုံးရှုံးမှုမရှိစေရန် အစိုးရဌာနများ၌ မှတ်တမ်းခန်းများ ပေါ်ပေါက်လာစေရန် အားပေးကူညီခြင်း၊ ဥပဒေသတ်မှတ် ပြဋ္ဌာန်းခြင်း၊ မှတ်တမ်းထိန်းသိမ်းမှု နည်းစနစ်များ ဖြန့်ဖြူးပေးခြင်းတို့ကို ထိထိရောက်ရောက် ဆောင်ရွက်ရမည်ဖြစ်ပြီး အစိုးရဌာနများမှလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ရန် လိုအပ်ပါသည်။ မော်ကွန်းတိုက်တစ်ခုတည်း တည်ရှိမှုအစား မြန်မာပြည်အနှံ့ မော်ကွန်းတိုက်အသိုင်းအဝိုင်း၊ မော်ကွန်းတိုက်ကွန်ရက်များ ဖြစ်ပေါ်စေရန် ဌာနဆိုင်ရာအဖွဲ့အစည်းများတွင်သာမက ပြင်ပအဖွဲ့အစည်းများ၌ပါ မှတ်တမ်းထိန်းသိမ်းရေး လုပ်ငန်းများအပေါ် စိတ်ဝင်စားမှုရှိလာစေရန် အမျိုးသားမော်ကွန်းတိုက်မှ အားပေးကူညီရန် လိုအပ်ပါသည်။ ယခုအခါ အစိုးရဌာနမဟုတ်သည့် ပြင်ပကုမ္ပဏီ အဖွဲ့အစည်းများတွင် ၎င်းတို့အဖွဲ့အစည်းများ၏ မော်ကွန်းတိုက်ငယ်များ ဖြစ်ပေါ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်နေမှုများကို ကြားသိနေရ၍ လွန်စွာဝမ်းမြောက်မိပါသည်။ အနာဂတ်တွင် မော်ကွန်းလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာမည့် အလားအလာကောင်းများ အဖြစ်လည်း ရှုမြင်မိပါသည်။
မော်ကွန်းတိုက်အဆက်ဆက် ညွှန်ကြားရေးမှူးချုပ်များသည် မော်ကွန်းတိုက်ဖွံ့ဖြိုးတိုးတက်အောင် ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ ဆောင်ရွက်ခဲ့ကြပါသည်။ အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်တည်ထောင်ရာတွင် မှတ်တမ်းမော်ကွန်း စီမံခန့်ခွဲမှုနည်းစနစ်များကို ရှေ့မှစနစ်တကျ လမ်းပြဆောင်ရွက်ပေးခဲ့ကြသည့် ဆရာကြီး၊ ဆရာမကြီးများနှင့် မော်ကွန်းတိုက် ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းအားထုတ် ဆောင်ရွက်ပေးခဲ့ကြသည့် ဌာနအကြီးအကဲများ၏ ဂုဏ်ကျေးဇူးကို ဂါရဝပြုအပ်ပါသည်။
မော်ကွန်းတိုက်၏ လုပ်ငန်းဆောင်တာများမှာ များပြားလှပြီး ရေရှည်ဆောင်ရွက်သွားရမည့် လုပ်ငန်းများ ဖြစ်ပါသည်။ မော်ကွန်းတိုက်ဝန်ထမ်းများသည် နိုင်ငံအမွေအနှစ် မှတ်တမ်းများ ရေရှည်တည်တံ့စွာ ထိန်းသိမ်းနိုင်ရေးအတွက် စေတနာနှင့် ဝါသနာအရင်းခံ၍ ဆောင်ရွက်နေကြသူများဖြစ်ပါသည်။ နိုင်ငံတော်၏ အုပ်ချုပ်ရေး ယန္တရားနှင့် ပြည်သူတို့၏ အကျိုးစီးပွားအတွက် မော်ကွန်းတိုက်မှ ဆောင်ရွက်ရမည့် တာဝန်များအား တက်ကုန်ရွက်စုံဖွင့်၍ ဆောင်ရွက်ရာတွင် လှေကြီးထိုး ရိုးရိုးသွားမည့်အစား ပြောင်းလဲလာသော မော်ကွန်း၊ မှတ်တမ်းပုံစံများ၊ တိုးတက်လာသော နည်းပညာများ၊ သိမ်းဆည်းမှုနည်းစနစ်များကို မျက်ခြည်မပြတ် လေ့လာဆည်းပူး၍ ပြုပြင်ပြောင်းလဲဆောင်ရွက်သွားမှသာ ပိုမို ထိရောက်အောင်မြင်မည်ကို သတိချပ်ရန်လိုပါသည်။ မော်ကွန်းတိုက်ဝန်ထမ်းများသည် နိုင်ငံတော်၌ e-government စနစ် အောင်မြင်ဖြစ်ထွန်းလာမည့်အချိန်တွင် အီလက်ထရွန်နစ် မှတ်တမ်းစီမံခန့်ခွဲမှုစနစ် နည်းပညာအသစ်များကို ပြောင်းလဲဆောင်ရွက်ရမည်ဖြစ်ရာ အဆိုပါ စိန်ခေါ်မှုများကို ကျော်ဖြတ်နိုင်ရန် လိုအပ်သည့် ပညာရပ်များအား ဖြည့်ဆည်းထားပြီး မိမိတို့၏ စုပေါင်းစွမ်းအားဖြင့် အောင်မြင်စွာဖြတ်ကျော် ဆောင်ရွက်နိုင်လိမ့်မည်ဟု ယုံကြည်မိပါသည်။
ဇွန်လ ၉ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မော်ကွန်းတိုက်များနေ့အား ကြိုဆိုရင်း မှတ်တမ်းအမွေအနှစ်များ ထိန်းသိမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်နေကြသည့် ကမ္ဘာတစ်ဝန်းလုံးရှိ မော်ကွန်းတိုက်အဖွဲ့အစည်းများအား လည်းကောင်း၊ အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာန၌ တာဝန်အသီးသီး ထမ်းဆောင်နေကြသည့် လုပ်ဖော်ကိုင်ဖက် ဝန်ထမ်းများအား လည်းကောင်း ဤဆောင်းပါးဖြင့် ဂုဏ်ပြုလိုက်ရပါသည်။ ။
သက်ဦး (မော်ကွန်းတိုက်)