နေပြည်တော် ၁၀ ဖေဖော်ဝါရီ
ကမ္ဘာပေါ်တွင် ပြည်ထောင်စုစစ်စစ်နိုင်ငံများလည်းရှိသည်။ ပြည်ထောင်စုလည်းဟုတ်၊ ပြည်ထောင်စုလည်း မဟုတ်သည့် နိုင်ငံများလည်းရှိသည်။ ပြည်ထောင်စုမဟုတ်သည့် နိုင်ငံသက်သက်များလည်းရှိသည်။ မည်သို့ပင် ရှိသည်ဖြစ်စေ မြန်မာနိုင်ငံသည် ပြည်ထောင်စုစစ်စစ်နိုင်ငံများတွင်ပိုမိုအားကောင်းသည့် နိုင်ငံတစ်နိုင်ငံဖြစ်နေ သည်မှာ မြတ်နိုးဂုဏ်ယူဖွယ်ရာပင်ဖြစ်သည်။
ကမ္ဘာပေါ် ရှိနိုင်ငံများအား ပြည်ထောင်စုနိုင်ငံဟု လွယ်လွယ်ကူကူခေါ်ဆို၍မရနိုင်။ ပြည်ထောင်စုနိုင်ငံဟူ၍ သတ်မှတ်နိုင်သည့် စံနှုန်းများ၊ ဂုဏ်အင်္ဂါရပ်များ၊ ဝိသေသလက္ခဏာများရှိမှသာ ပြည်ထောင်စုနိုင်ငံဟု ခေါ်ဆိုထိုက်သည်။ ပြည်ထောင်စုနိုင်ငံတွင် လူမျိုးတစ်မျိုးဟူ၍ သတ်မှတ်နိုင်သည့် ဝိသေသဂုဏ်အင်္ဂါများ ရှိနေသည်မှာ မြတ်နိုးစရာဖြစ်သည်။ ပြည်ထောင်စုမြန်မာနိုင်ငံတော်အဖို့ မြတ်နိုးဖွယ်ရာအင်္ဂါရပ်များနှင့် ပြည့်စုံသည့် တိုင်းရင်းသားလူမျိုးတစ်ရာကျော်ရှိနေခြင်းက အဖိုးထိုက်တန်သည့်ဂုဏ်ဒြပ်ကို ပိုင်ဆိုင်ထားခြင်းဖြစ် သည်။ ထိုဂုဏ်ဒြပ်တွင် ရုပ်ပိုင်းဆိုင်ရာ နှင့်စိတ်ပိုင်းဆိုင်ရာ ဟူ၍ ရှိသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဖေဖော်ဝါရီလ ၆ ရက်နေ့ကရှမ်းပြည်နယ်အရှေ့ပိုင်းရှိ သံလွင်မြစ်ကူး တံတား(တာဆန်း)တည်ဆောက်ရေးစီမံကိန်းသို့ရောက်ရှိစဉ် “ကျွန်မတို့နိုင်ငံဟာ တိုင်းရင်းသားလူမျိုး ပေါင်းစုံနေထိုင်တဲ့ နိုင်ငံဖြစ်တဲ့အတွက် ပိုပြီးတော့လည်း ဂုဏ်ယူနိုင်ပါတယ်။ တိုင်းရင်းသားပေါင်းစုံ အေးအေး ဆေးဆေး၊ ချစ်ချစ်ခင်ခင်နဲ့ နေနိုင်တဲ့နိုင်ငံဟာ အတွင်းအင်အားရှိတဲ့နိုင်ငံလို့ ပြောလို့ရပါတယ်။ အတွင်း အင်အားနဲ့ အပြင်အင်အား ရုပ်ပိုင်းဆိုင်ရာအရမှာ အားသန်သင့်သလောက်အားမသန်သေးဘူးဆိုပေမယ့် အဓိကကျတာက အတွင်းအင်အားဖြစ်တဲ့စိတ်ပိုင်းဆိုင်ရာအင်အားတွေကို ပြုစုပျိုးထောင်ဖို့ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။
နိုင်ငံတစ်နိုင်ငံတွင်ဖြစ်စေ၊ လူတစ်ဦးတစ်ယောက်တွင်ဖြစ်စေ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ဟူ၍ရှိသည့်အနက် စိတ်ပိုင်းဆိုင်ရာသည်အဓိကကျပေသည်။ ရုပ်ပိုင်းဆိုင်ရာ မ ည်မျှအားကောင်းစွာရှိသည် ဖြစ်စေ စိတ်ပိုင်းဆိုင်ရာအားမကောင်းပါက အချည်းနှီးပင်ဖြစ်သည်။ စိတ်ပိုင်းဆိုင်ရာတို့ကို အင်အား တောင့်တင်းခိုင်မာအောင် ပြုစုပျိုးထောင်နိုင်ခြင်း မရှိပါက အကွဲကွဲအပြဲပြဲနှင့် ပြိုလဲပျက်စီးသွားနိုင်ပေသည်။ ထို့ကြောင့်အဓိကကျသော အတွင်းအင်အားများဖြစ်သည့် စိတ်ပိုင်းဆိုင်ရာ အင်အားများကို ပြုစုပျိုးထောင်ကြရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က တိုက်တွန်းပြောကြားခဲ့သည်။
ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာအတွင်းအင်အားများ ခိုင်မာအားကောင်းပါက ပြည်ထောင်စုကြီးတည်တံ့ခိုင်မြဲပြီး ခိုင်မာအားကောင်းကာ မည်သည့်ရန်စွယ်အန္တရာယ်၊ မည်သည့်အခက်အခဲ၊ မည်သည့်စိန်ခေါ်မှုမျိုးကိုမဆို ကျော်လွှားသွားနိုင်သည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အဖို့ မြတ်နိုးဂုဏ်ယူဖွယ်ရာကောင်းသော တိုင်းရင်းသားလူမျိုးတစ်ရာကျော်၏ ရုပ်ပိုင်းဆိုင်ရာ ထူးခြားသည့် ဝိသေသလက္ခဏာများကို ပိုင်ဆိုင်ထား သည်။ သို့သော် စိတ်ပိုင်းဆိုင်ရာအားကောင်းရေးဟူသည့် တိုင်းရင်းသားညီအစ်ကိုမောင်နှမအချင်းချင်း ချစ်ခင် ရင်းနှီးမှုနှင့်အတူ ပူးပေါင်း လက်တွဲမှုတို့ကို ပြုစုပျိုးထောင်ရဦးမည်ဖြစ်သည်။
ဤမြေတွင် ရှေးနှစ်ပေါင်းထောင်ချီကတည်းက အတူတကွစုပေါင်း နေထိုင်ခဲ့ကြသည်ဆိုသော်လည်း ခေတ်ကာလ နိုင်ငံရေးအခြေအနေ အမျိုးမျိုး၊ အကြောင်းအမျိုးမျိုးတို့ကြောင့် ပေါ်ပေါက်လာရသည့် စိတ်ဝမ်း ကွဲပြားမှုတို့သည် ပြည်ထောင်စုကြီး၏ အတွင်းအင်အားများဖြစ်သည့်တိုင်းရင်းသားပြည်သူများ၏ စိတ်ပိုင်း ဆိုင်ရာအင်အားများကို ယုတ်လျော့စေပေသည်။ ယင်းတို့ကို ကုစားနိုင်ရန်အတွက် ယုံကြည်မှု၊ ချစ်ခင်မှုတို့ဖြင့် ပြုစုစောင့်ရှောက်ပေးကြရမည်ဖြစ်သည်။သို့ဖြစ်ရာ ပြည်ထောင်စုကြီးတစ်ခု၏ ထူးခြားသည့်ဝိသေသလက္ခဏာ များကို ပိုင်ဆိုင်ထားသော မြန်မာနိုင်ငံအဖို့ ကမ္ဘာ့အလယ်တွင် ဂုဏ်ယူဝင့်ကြွားဖွယ်ကောင်းသော ပြည်ထောင်စု နိုင်ငံကြီးအဖြစ် အစဉ်ထာဝရ ရပ်တည်နေထိုင်နိုင်ရန်အတွက် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး တို့ကို စုပေါင်းအင်အားဖြင့် ဝိုင်းဝန်း ထိန်းသိမ်းကာကွယ်စောင့်ရှောက်သွားကြရမည်ဖြစ်ပါကြောင်း။
ကြေးမုံ