ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံ ဖြစ်ပေါ်လာစေရေးအတွက် ထူးခြားသည့် မှတ်တိုင်တစ်ခုကို မြန်မာနိုင်ငံတွင် ပထမဦးဆုံး စိုက်ထူနိုင်ခဲ့ပြီဖြစ်သည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၌ ပထမဦးဆုံးသော နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာ ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၆ ရက်နေ့က ရန်ကုန်မြို့ လှိုင်မြို့နယ်တွင် ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

ဖွံ့ဖြိုးတိုးတက်နေသည့် ကမ္ဘာ့နိုင်ငံများနှင့်အတူ တန်းတူရပ်တည်နိုင်မည့် နျူကလီးယားနည်းပညာအစီအစဉ်များ မြန်မာနိုင်ငံတွင် ပေါ်ထွက်လာတော့မည့် သတင်းစကားများကို မကြာသေးမီကာလများက ကြားသိခဲ့ရပေသည်။ မြန်မာနိုင်ငံတွင် နျူကလီးယားနည်းပညာဆိုင်ရာ အသိပညာများပြန့်ပွားရေးအတွက် အဓိကကျသည့် နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာ ဖွင့်လှစ်နိုင်သည် အထိ ကြိုးပမ်းဆောင်ရွက်နိုင်မှုသည် မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုသမိုင်းကြောင်းမှ အကြောင်းခံပေသည်။ မြန်မာနိုင်ငံ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနနှင့် ရုရှားနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း တို့အကြား ငြိမ်းချမ်းသောရည်ရွယ်ချက်များအတွက် နျူကလီးယားစွမ်းအင် အသုံးချရေးနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မှုအပေါ် နားလည်မှုစာချွန်လွှာကို ၂၀၁၅ ခုနှစ် ဇွန်လ ၁၈ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့မှုမှ အစပြုခဲ့ပါသည်။

ထို့နောက် မြန်မာနိုင်ငံတွင် နျူကလီးယားနည်းပညာ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ နှစ်နိုင်ငံအကြား နျူကလီးယားစွမ်းအင်အသုံးချရေးနယ်ပယ်တို့တွင် ပူးပေါင်း ဆောင်ရွက်ရေး၊  လူ့စွမ်းအားအရင်းအမြစ် မြှင့်တင်ရေးဆိုင်ရာလေ့ကျင့်ရေး၊ ကျွမ်းကျင်မှုအရည်အသွေး ဖွံ့ဖြိုးတိုးတက်မှုတို့တွင် ပူးပေါင်းဆောင်ရွက်ရေးနှင့် နျူကလီးယားစွမ်းအင်အပေါ် ပြည်သူလူထု၏ အပြုသဘောဆောင်သည့် သဘောထားအမြင်များ ရရှိလာစေရေးအတွက် နားလည်မှုစာချွန်လွှာနှစ်စောင်ကို လက်မှတ်ရေးထိုးခဲ့သည်။ ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် ဗလာဒီဗော့စတော့မြို့၌ ကျင်းပခဲ့သည့် သတ္တမအကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ် ပြုလုပ်ခဲ့သည့်ကာလအတွင်း ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်တွင် နျူကလီးယားစွမ်းအင်အား ငြိမ်းချမ်းစွာအသုံးပြုမှု ပူးပေါင်းဆောင်ရွက်ရေးလမ်းပြမြေပုံကို လက်မှတ်ရေးထိုးခဲ့သည်။

နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ ခိုင်မာစွာပြုလုပ်ပြီးနောက် ယခုကဲ့သို့ မြန်မာနိုင်ငံတွင် ပထမဦးဆုံး နျူကလီးယားနည်းပညာ သတင်းအချက်အလက် စင်တာ ပေါ်ပေါက်လာခြင်းဖြစ်သည်။ နျူကလီးယားကို တိုင်းပြည်အတွက် ငြိမ်းချမ်းစွာ အသုံးပြုနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရာတွင် မြန်မာနိုင်ငံအနေဖြင့် နျူကလီးယားနှင့် ပတ်သက်သည့် သိပ္ပံနှင့်နည်းပညာဆိုင်ရာ အသိပညာဗဟုသုတများ များစွာလိုအပ်ပါသည်။ နျူကလီးယားဖြင့် လူမှုစီးပွားဘဝကို များစွာအကျိုးပြုမည်ဖြစ်၍ အထူးသဖြင့် ပြည်သူလူထုကြားတွင် နျူကလီးယားနှင့်ပတ်သက်သော အသိပညာ ဗဟုသုတများ ကျယ်ပြန့်စွာဖြစ်ထွန်းရန်လိုအပ်ပါသည်။ အဆိုပါစင်တာဖွင့်လှစ် ပြီးသောအခါ ပြည်သူလူထုက နျူကလီးယားစွမ်းအင်နှင့်ပတ်သက်ပြီး နားလည် သဘောပေါက်လာစေရန်အတွက် နျူကလီးယားနည်းပညာဆိုင်ရာ အသိပညာ ပြန့်ပွားရေးကို အစီအစဉ်အတိုင်း စတင်ဆောင်ရွက်တော့မည်ဖြစ်သည်။

စင်တာတွင် ကျောင်းသားလူငယ်များသာမက တက္ကသိုလ်ကျောင်းသား ကျောင်းသူများပါ နျူကလီးယားစွမ်းအင်ဆိုင်ရာဗဟုသုတများကို ရရှိမည်ဖြစ်ပြီး လူ့စွမ်းအားအရင်းအမြစ် မြှင့်တင်ရေးကဏ္ဍများအတွက် များစွာအထောက်အကူ ဖြစ်စေသည်။ ထို့အပြင် ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်းရှိ မိဘပြည်သူများ အနေဖြင့်လည်း ခေတ်မီတိုးတက်နေသည့် နျူကလီးယား နည်းပညာများကိုလေ့လာရန် အခွင့်အလမ်းများရရှိလာမည်ဖြစ်ပြီး ပြည်သူလူထုအနေဖြင့် နျူကလီးယား စွမ်းအင်နှင့်ပတ်သက်၍ အပြုသဘောဆောင်သည့် သဘောထားအမြင်များစွာ ရရှိလာမည်ဖြစ်သည်။ ထိုသို့ရရှိပြီးသောအခါ နျူကလီးယားစွမ်းအင်နယ်ပယ်ကို ကဏ္ဍပေါင်းစုံတွင် ကျယ်ပြန့်စွာဆောင်ရွက်ပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံအဖြစ် တက်လှမ်းနိုင်မည်ဖြစ်သည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် ပထမဦးဆုံး နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာ ပေါ်ထွက်လာခြင်းသည် ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံဖြစ်တည် လာရေးအတွက် ကနဦးရှေ့ပြေးလက္ခဏာဖြစ်သည်။ နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုပြီး ပညာရေး၊ ကျန်းမာရေး၊ စက်မှုဖွံ့ဖြိုးတိုးတက်ရေး၊ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကဏ္ဍပေါင်းစုံတွင် ထိရောက်စွာ အသုံးချနိုင်မည့် အသိပညာဗဟုသုတများကို မျိုးဆက်သစ်လူငယ်လူရွယ်များကြားတွင် ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်ခွင့်ရကြပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကို တည်ဆောက်နိုင်ကြမည့် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွက်လာမည်ဖြစ်ပါကြောင်း။     ။

ကြေးမုံ