နတ်တော်လဆန်း ၁ ရက်နေ့ကို မြန်မာနိုင်ငံမှာ စာဆိုတော်နေ့ဟု သတ်မှတ်ထား၏။ စာဆိုတော်နေ့ ဟူ၍ ဂုဏ်ပြုထားသည့် ထိုကာလဝန်းကျင်တွင် စာပေဟောပြောပွဲများ ကျင်းပခြင်း၊ စာအုပ်စာပေနှင့် ပတ်သက်သော ပွဲတော်များကျင်းပခြင်း စသည်တို့အားဖြင့် စာအုပ်စာပေ ချစ်မြတ်နိုးသူတို့ လှုပ်လှုပ်ရှားရှား စည်စည်ကားကားရှိကြသည့် အချိန်ဖြစ်၏။

 

နိုင်ငံတကာရှိ နိုင်ငံအသီးသီးတွင် စာအုပ်စာပေဆိုသည်ကို အလေးအနက်ထားကြလေ့ရှိ၏။ စာပေမြင့်မှ လူမျိုးတင့်သည် ဆိုခြင်းကို သိနားလည်သည့်သဘော။ မြန်မာနိုင်ငံသည်လည်း ထိုနည်းတူစွာ စာအုပ်စာပေတို့၏ တန်ဖိုးကို များစွာအလေးဂရု ပြုကြလေ့ရှိ၏။ မြန်မာမိသားစုများတွင် ဆင်းရဲ ချမ်းသာမရွေး စာတတ်ခြင်းကို တန်ဖိုးထားကြ၏။ စာတစ်လုံးဘုရားတစ်ဆူဟု ဆိုစမှတ်ပြု ကြလေသည်။

 

မြန်မာတို့၏ ဓလေ့ထုံးတမ်းအရဆိုလျှင် စာအုပ်တစ်အုပ် ကြမ်းပေါ်ကျနေသည်ဆိုလျှင်ပင် ကျော်လွှားသွားလေ့မရှိ။ ရှောင်ကွင်း သွားကြလေ့ရှိ၏။ စာအုပ်ဟူသည် မြင့်မြတ်သည် ဟူသည့် အစွဲအလမ်း ရှိကြလေသည်။ မိသားစုအတွင်းက ကလေးငယ်တစ်ဦး အသက် လေးနှစ် ငါးနှစ် စကားပီ နားကြားရှိလာ ပြီဆိုသည်နှင့် ကျောင်းပို့ရန်ရည်သန်တော့သည်။ ဝေးလံသီခေါင်သော ဒေသများတွင်ပင် ဘုန်းတော်ကြီးကျောင်းများသို့ပို့ကာ စာပေ၏ အခြေခံဖြစ်သော စာရေး စာဖတ်နှင့် အတွက်အချက် တို့ကို သင်ယူရလေသည်။ စာဖတ်တတ်သည်ကို စာမတတ်သော မိဘများကအစ အလွန်ဂုဏ်ယူကြ၏။ စာဖတ်နေသည့် ကလေးငယ် များကို အနာဂတ်တွင် အားကိုးရမည့် လူတော်လေးများအဖြစ် ရှုမြင်ကြလေ့ရှိ၏။

 

ဆင်းရဲခြင်း၏ဒဏ်ကို မခံမရပ်နိုင်လောက်အောင် ခံနေကြရသည့် အိမ်ထောင်စုတို့ များပြားလာသည့် အခါတွင်မှ ကျောင်းမပို့ ကျောင်းမထားနိုင်တော့သည့် ကလေးငယ်များ ပေါများလာသည်ဟု မြင်ပါသည်။

 

စာတတ်ခြင်းမှသည် စာဖတ်ခြင်းဆီသို့ ကူးပြောင်းလာသော ကလေးငယ်များကို မိဘဖြစ်သူတို့က လွန်စွာ အားရ ကျေနပ်လေ့ရှိ ကြလေသည်။ ထိုထိုသော အယူအလေ့တို့ဖြင့် နေသားကျလာခဲ့သော မြန်မာလူမှုအဖွဲ့အစည်းတွင် စာရေးဆရာ၊ စာရေး ဆရာမများ ဟုဆိုလျှင် လွန်စွာအထင်ကြီးကြ လေသည်။ ထိုသူတို့ထံမှ နာယူမှတ်သားလိုကြ၏။ စာဆိုတော်များဟု ဂုဏ်ပြု တန်ဖိုးထားကြလေ၏။

 

ထိုထိုသော မြင့်မြတ်ခမ်းနားသည့် အစဉ်အလာတို့သည် ဒီမိုကရေစီ အမှောင်ကျမှုနှင့်အတူ မှိန်ဖျော့ခဲ့ရ ပြန်ပါသည်။

 

လူတို့၏ တွေးခေါ်ဆင်ခြင်မှု တိုးတက်မြင့်မားလာခြင်းကို အားမပေးသည့် ကာလတစ်ခု၊ နိုင်ငံသားတို့ အကြားအမြင်များခြင်းကို အာဏာပိုင်တို့က မနှစ်ခြိုက်ဟု ယူဆရသည့် ကာလတစ်ခုတွင် စာကောင်း ပေမွန်တို့ ပေါ်ထွက်ရန် ခက်ခဲလာသည်။

 

ထိုမျှမက၊ စာဆိုတော်တို့သည်လည်း ပိတ်ပင်တားဆီးမှု အမျိုး မျိုးကြား၊ ဖမ်းဆီးနှိပ်စက် ထောင်ကျ တန်းကျခံရမှုများကြားတွင် မနည်း ရုန်းကန်ရှင်သန်ခဲ့ကြရတော့သည်။

 

ထိုကဲ့သို့သော စာပေလွတ်လပ်မှု ဆိတ်သုဉ်းသည့် ကာလရှည်။ ဆင်းရဲမွဲတေမှု ဒဏ်အောက်တွင် ပြားပြားဝပ် ရောက်ရသည့် ကာလရှည်ကို ဖြတ်သန်းရသည့်အခါတွင်မူ စာအုပ်စာပေတို့၏ အခန်းကဏ္ဍ နိမ့်ပါးခဲ့ရလေသည်။ စာအုပ်စာပေကောင်းတို့ ထွက်ပေါ်လာဖို့ကို စိန်ခေါ်မှုများစွာကို ရင်ဆိုင်ရင်း စွန့်စားမှုများစွာကို ကျော်ဖြတ်ခဲ့ ကြရလေသည်။

 

ယနေ့ အမျိုးသားစာပေဆု ပေးအပ်ချီးမြှင့်ပွဲ ကျင်းပရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် တက်ရောက် ဂုဏ်ပြုသည့် သတင်းကြားသိရပါသည်။

 

၂၀၁၈ တစ်နှစ်ကာလအတွင်း ထွက်ခဲ့သည့် စာအုပ်များထဲက အမျိုးသားအဆင့် စာပေဆုနှင့် ထိုက်တန်သည့် စာအုပ်များကို အကြောင်းအရာလိုက်ကာ အမျိုးသားစာပေဆု ပေးအပ်ချီးမြှင့်ခြင်း ဖြစ်ပါသည်။

 

အမျိုးသားစာပေဆုဟူသည့် ဩဇာနှင့် ဂုဏ်မှာ မြန်မာနိုင်ငံတွင် အလွန်မြင့်မားကြီးကျယ် ပါသည်။ အထက်တွင် ဆိုခဲ့သလို စာအုပ်စာပေကို တန်ဖိုးထားကြသည့်၊ စာဆိုတော် တို့ကို တန်ဖိုး ထားကြသည့် လူမှုအဖွဲ့အစည်းဖြစ်သည့် အားလျော်စွာ နိုင်ငံတော်၏ အမြင့်ဆုံးဟုဆိုရမည့် စာပေဆု ဖြစ်သည့်အတွက် ဆုချီးမြှင့်ခံရသူများ အတွက်သာမက နိုင်ငံသူနိုင်ငံသားများအတွက်ပါ တန်ဖိုးထား ဝမ်းမြောက်ဖွယ် ဖြစ်ပါကြောင်း တင်ပြရင်း အမျိုးသားစာပေဆု ရရှိသူများကို ဂုဏ်ပြုလိုက်ပါသည်။    ။

မြန်မာ့အလင်း