၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌    ဖွင့်လှစ်လိုက်ပြီဖြစ်ရာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးပြီး အဖွင့်အမှာစကားပြောကြားရာ၌ “ယခုကျင်းပသည့် အမျိုးသား အားကစားပွဲတော်ကြီးမှ နိုင်ငံတော်၏ ဂုဏ်သိက္ခာနှင့် အမျိုးသားတို့၏ မျိုးချစ်စိတ်ဓာတ်ထက်သန်မှု၊ တိုင်းချစ်ပြည်ချစ်စိတ်ရှိမှု၊ စည်းလုံးညီညွတ်မှု၊ အမျိုးသားရေး စိတ်ဓာတ်နှင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်မှုများနှင့်အတူ တည်ငြိမ်အေးချမ်းမှုကို ဖော်ထုတ်ပြသနိုင်သည့် ပွဲတော်ကြီးပင်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။

 

မြန်မာနိုင်ငံတွင်   အမျိုးသားအားကစားပွဲတော်များကို နိုင်ငံတော်အစိုးရက ထူးထူးကဲကဲ ကျင်းပပေးခဲ့ရာတွင် အဆိုပါအားကစားပြိုင်ပွဲများသည် အားကစား ပွဲတော်သက်သက်သာမကဘဲ ယခုကျင်းပသည့် ပဉ္စမအကြိမ် အမျိုးသားအားကစား ပွဲတော်တွင် နိုင်ငံတော်အကြီးအကဲ ပြောကြားသကဲ့သို့ နိုင်ငံနှင့်လူမျိုးကို ချစ်မြတ်နိုးမှု၊ စည်းလုံးညီညွတ်မှု၊ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မှုများနှင့်အတူ နိုင်ငံတည်ငြိမ် အေးချမ်းသာယာဝပြောမှု အခြေအနေတို့ကို   ထင်ဟပ်ဖော်ပြနိုင်ခဲ့သလို မြန်မာအမျိုးသားတို့၏ “မြန်မာ”ဟူသည့် မျိုးချစ်စိတ်ဓာတ် ထက်သန်မှုနှင့် နိုင်ငံ၏ မြင့်မားသောဂုဏ်သိက္ခာတို့ကို ထုတ်ဖော်ပြသနိုင်ခဲ့သည်။

 

ပဉ္စမအကြိမ် အမျိုးသားအားကစားပြိုင်ပွဲကြီးကို နေပြည်တော်တွင် ဒီဇင်ဘာ လ ၉ ရက်နေ့ ဖွင့်ပွဲမတိုင်မီ ဒီဇင်ဘာလဆန်းကတည်းက မသန်စွမ်းအားကစားပြိုင်ပွဲ အပါအဝင် အကြိုပြိုင်ပွဲများကို စတင်ကျင်းပခဲ့ရာ ထူးချွန်အားကစားသမားများ ပေါ်ထွက်လာပြီး ဆုတံဆိပ်အသီးသီးရရှိကာ ပြည်သူလူထုရှေ့မှောက်တွင် ဂုဏ်ယူ ဝင့်ကြွားနိုင်ခဲ့ကြသည်။ ဆက်လက်၍ ပြိုင်ပွဲအသီးသီးကို ဒီဇင်ဘာလ ၂၀ ရက်နေ့ အထိ ကျင်းပမည်ဖြစ်သည်။ အားကစားပွဲတော်ကြီးတွင် မြန်မာတို့၏ အားကစားထူးချွန်အောင်မြင်မှုများ၊ အားကစားသမားများ၏  အနိုင်မခံအရှုံးမပေး ရေကုန်ရေခန်း အစွမ်းကုန်ကြိုးပမ်းအားထုတ်မှုများနှင့် အားမာန်များ၊ အားကစားပြိုင်ပွဲကြီး စည်ကားသိုက်မြိုက်စွာ အောင်အောင်မြင်မြင် ထည်ထည်ဝါဝါ ကျင်းပရေးနှင့်အတူ ဖြစ်ပေါ်လာစေမည့် အမျိုးသားအားမာန်များ နိုးကြားထက်သန်လာစေရန် ဆိုင်ရာဆိုင်ရာ ကဏ္ဍအသီးသီးမှ အားတက်သရော အပင်ပန်းခံကာ ပါဝင်ဆောင်ရွက်နေကြ သူအားလုံးကို အသိအမှတ်ပြုရမည်ဖြစ်သည်။

 

အမျိုးသားအားကစားပွဲတော်ကြီးကို နေပြည်တော်တွင်  ပရိသတ်  ၂၀၀၀၀ ကျော်ဝင်ဆံ့သည့် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၌ ကျင်းပသဖြင့် များသောအားဖြင့် နေပြည်တော်တွင် တာဝန်ထမ်းဆောင်နေသော နိုင်ငံ့ဝန်ထမ်းများနှင့် နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ ပြည်သူများလာရောက်ကြည့်ရှု အားပေးခွင့်ရကြသည်။ အမျိုးသားအားကစားပွဲတော်ကြီး ဖွင့်ပွဲ၊ ပိတ်ပွဲ၊ အကြိုပြင်ဆင်ပွဲများနှင့် ပြိုင်ပွဲစဉ် တစ်လျှောက် အားကစားနည်းများအလိုက်၊ အားကစားအသင်းအဖွဲ့များအလိုက် ရေကုန်ရေခန်း ကြိုးပမ်း ယှဉ်ပြိုင်မှုများကို ရင်သပ်ရှုမောဖွယ်၊ တက်ကြွနိုးကြားလန်းဆန်းဖွယ် ရှုမြင်ခံစားအားပေးခွင့်ရကြသည်။ နေပြည်တော် အားကစားကွင်းကြီးသို့ ကိုယ်တိုင်မလာရောက်နိုင်သော်လည်း တီဗွီဖန်သားပြင်ပေါ်မှ ကြည့်ရှုအားပေး ကြသည့် ပြည်သူများအနေဖြင့်လည်း ဝမ်းမြောက်ကျေနပ်ကြလိမ့်မည်ဖြစ်သည်။

 

အမျိုးသားအားကစားပွဲတော်ကြီး ခမ်းနားထည်ဝါစွာနှင့် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် စီမံဆောင်ရွက်ပေးကြသည့် တာဝန်ရှိသူများ၊ ပါဝင်ပူးပေါင်းဆောင်ရွက်ကြသည့် အားကစားအဖွဲ့ချုပ်များ၊ မျိုးဆက်သစ် အားကစားသမားများနှင့် လက်ရွေးစင်အားကစားသမားဟောင်းကြီးများ၊ စာပေနှင့် သတင်းဆိုင်ရာ ပုဂ္ဂိုလ်များ၊ ရုပ်ရှင်၊ ဂီတ၊ သဘင်နယ်ပယ်မှ အနုပညာရှင်များ၊ အထူးသဖြင့် တက်တက်ကြွကြွ ဆောင်ရွက်ကြပြီး ပါဝင်ကူညီအားဖြည့်ပေးကြသည့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနတို့မှ ဝန်ထမ်းများနှင့် ပညာရေးဝန်ကြီးဌာနမှ ကျောင်းသား ကျောင်းသူလေးများအားလုံးတို့ကို ကျေးဇူးတင်ရမည်ဖြစ်သည်။

 

မြန်မာနိုင်ငံတွင် အမျိုးသားအားကစားပွဲတော်များကို ၁၉၉၂၊ ၁၉၉၄၊ ၁၉၉၇ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်တို့တွင် လေးကြိမ်ကျင်းပခဲ့ပြီးနောက် ၁၀ နှစ်နီးပါးကြာမြင့်ပြီး နောက်မှယခုတစ်ကြိမ် ပြန်လည်ကျင်းပခြင်းဖြစ်သည်။ အားကစားမြှင့်တင် ဆောင်ရွက်ခြင်းကို မွန်မြတ်သည့်လုပ်ငန်းစဉ်တစ်ရပ်၊ နိုင်ငံတော်၏ အရေးပါသည့် အမျိုးသားရေး လုပ်ငန်းစဉ်တစ်ရပ်အဖြစ်ခံယူပြီး နိုင်ငံတော်အတွက် တန်ဖိုးထားဆောင်ရွက်ကြမည်ဆိုပါက နိုင်ငံနှင့်လူမျိုးအပေါ်ထားရှိသည့် စိတ်ဓာတ်နှင့် စည်းကမ်းကောင်းမွန်ပြီး ကျန်းမာကြံ့ခိုင်သည့် စည်းလုံးညီညွတ်သော နိုင်ငံတော်ကို အကျိုးပြုနိုင်မည့် လူ့စွမ်းအားအရင်းအမြစ်များ စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်မည်ဖြစ်သည်။ အားကစားသည် ကျန်းမာရေးအတွက်သာမက နိုင်ငံနှင့်လူမျိုးအတွက် များစွာ အထောက်အကူပြုနေသည်ကို လက်တွေ့မြင်တွေ့ရပြီဖြစ်သည်။

 

သို့ဖြစ်ရာ နိုင်ငံတော်၏ အားကစားအဆင့်အတန်း ပိုမိုမြင့်မားတိုးတက်လာရေး၊ နိုင်ငံတကာပြိုင်ပွဲများတွင် ယှဉ်ပြိုင်အနိုင်ရစေရေး၊ နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် အားကစားသမားများ၊ အလားအလာရှိသည့်မျိုးဆက်သစ်များ ပေါ်ထွက်လာစေရေး၊ ချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ပြီး ပြည်သူလူထုတစ်ရပ်လုံးပါဝင်လာစေရေး၊ နိုင်ငံ့ဂုဏ် မြင့်မားရေး၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ် မြင့်မားတိုးတက်ရေးတို့အတွက် အားကစား ကဏ္ဍကို ဝိုင်းဝန်းမြှင့်တင် အားပေးချီးမြှောက်ပေးကြရမည်ဖြစ်ပါကြောင်း။

 

ကြေးမုံ