ချောင်းဦး ၃၁  ဒီဇင်ဘာ

 

ချောင်းဦးမြို့နယ် ငါးလုံးတင်ကျေးရွာတွင် မိရိုးဖလာလုပ်ငန်းအဖြစ် လုပ်ကိုင်လျက်ရှိသော ဂျုံရိုးဦးထုပ် လုပ်ငန်းမှရရှိသော ဂျုံရိုးဦးထုပ်များကို ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့သို့ အများဆုံး တင်ပို့ ရောင်းချလျက်ရှိကြောင်း ငါးလုံးတင်ကျေးရွာမှ လှိုင်မြင့်မိုရ် ဂျုံရိုးဦးထုပ်လုပ်ငန်းရှင် ဒေါ်ခင်သန်းဝင်း၏ ပြောကြားချက်အရ သိရသည်။

 

02

 

 “ဒီရွာမှာ ဂျုံရိုးဦးထုပ်လုပ်ငန်းကိုလုပ်ကိုင်လာတာ နှစ်အတော်ကြာပါပြီ၊ ထွက်တဲ့ကုန်ချောတွေကို မြန်မာ ပြည်အနှံ့ပို့ပေးရတယ်၊ ဟိုတုန်းကတော့ သိပ်ပြီးတော့မရောင်းရဘူး။ အခုနောက်ပိုင်းမှာတော့ လုပ်တဲ့သူ နည်းလာတဲ့အတွက်အဆင်ပြေလာတယ်၊ ဒီကထွက်တဲ့ ဂျုံရိုးဦးထုပ်တွေကို အဓိက ရောင်းရတာက လားရှိုးမြို့ကို ရောင်းရတယ်၊ သူတို့ဆီက စိုက်ပျိုးရေး လုပ်ငန်းတွေ လုပ်တာများတဲ့အတွက် ရာသီဥတုနဲ့ လိုက်လျောညီထွေ ဖြစ်စေတဲ့ ဂျုံရိုးဦးထုပ်ကို မှာယူမှုက တစ်နှစ်ထက်တစ်နှစ်များလာပါတယ်””ဟု ငါးလုံးတင်ကျေးရွာမှ လှိုင်မြင့်မိုရ် ဂျုံရိုးဦးထုပ်လုပ်ငန်းရှင် ဒေါ်ခင်သန်းဝင်းက ပြောသည်။

 

ယခုနှစ်တွင် ငါးလုံးတင်ကျေးရွာမှ ဂျုံရိုးဦးထုပ် အလုံးရေ (၃)သိန်းကျော်ထုတ်လုပ်လျက် ရန်ကုန်မြို့၊ မြစ်ကြီးနားမြို့၊ ပဲခူးမြို့၊ ကလေးမြို့နှင့် ရှမ်းပြည်မြောက်ပိုင်းရှိ လားရှိုးမြို့တို့ကို တင်ပို့ရောင်းချ လျက်ရှိရာ လားရှိုးမြို့သို့ရှမ်းဦးထုပ်ကြီးအပါဝင် ဦးထုပ်ဆိုဒ်စုံ အလုံးရေ တစ်သိန်းကျော် ပေးပို့ ရောင်းချရကြောင်း သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)