မြင့်စိုး(နတလ)
အင်တော-ကျောက်ဂူဒေသလမ်းများ၏ သမိုင်းနောက်ခံ
တစ်ချိန်က ရှမ်းပြည်နယ်(တောင်ပိုင်း)မှ အင်တော၊ ကျောက်ဂူနှင့် နောင်ဝိုးဒေသများသည် နယ်မြေတည်ငြိမ်အေးချမ်းမှု အပြည့်အဝမရခဲ့သော ဒေသများ၊ တစ်နည်းဆိုရသော် ဗမာပြည် ကွန်မြူနစ်ပါတီ အလယ်ပိုင်း ဗျူရိုဝင်ရောက်ထိုးဖောက် လှုပ်ရှားရာ နယ်မြေဒေသများ ဖြစ်ခဲ့သည်။ နယ်မြေလုံခြုံရေး အခြေအနေအရ ရှမ်းပြည်နယ်အစိုးရနှင့် စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံး၏ အစီအစဉ်ဖြင့် ၁၉၇၅ ခုနှစ်မှစတင်၍ ထိုဒေသအတွင်း လမ်းများ ဖောက်လုပ်ခဲ့ကြောင်း သိရသည်။ ထိုစဉ်က ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အမိန့်ကြေညာစာဖြင့် ရှမ်းပြည်နယ် အတွင်းရှိ ရွှေညောင်-ရပ်စောက်- အင်တော-ကျောက်ဂူ- နမ့်လန်လမ်း(၁၄၀/ဝ)မိုင်ကို လမ်းမကြီးအဖြစ် ကြေညာခဲ့သည်။ ယင်းနောက် ၁၉၉၇ ခုနှစ်တွင် ရွှေညောင်- ရပ်စောက်-အင်တော- ကျောက်ဂူ-နောင်ချိုလမ်း (၁၁၅/၃)မိုင်နှင့် ကျောက်ဂူ-နမ့်လန်လမ်း(၆၉/ဝ) မိုင်ဟု ပြောင်းလဲသတ်မှတ်ခေါ်ဝေါ်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) ဒေသများအချင်းချင်း အလွယ်တကူ ကူးသန်းသွားလာနိုင်မည့် ဆက်သွယ်ရေး လမ်းကြောင်းတစ်ခု ဖြစ်ထွန်းလာစေရေးအတွက် ကျောက်ဂူ- နောင်ဝိုး- ပန်ဝပ်- သဘာဝတံတား- ကုန်းဆာ- နမ့်လန်- သီပေါလမ်းကြောင်းကို သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်း၍ ၂၀၁၉ ခုနှစ် မတ်လအတွင်း အပြီးအကောင်အထည်ဖော် ဆောင်ရွက်ရန် ကျောက်ဂူ-သဘာဝ တံတားအထိ လမ်းပိုင်းကို နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့က လည်းကောင်း၊ သီပေါ-နမ့်လန်-သဘာဝတံတားအထိ လမ်းပိုင်းကို ဆောက်လုပ်ရေး ဝန်ကြီးဌာနကလည်းကောင်း အကောင်အထည်ဖော် ဆောင်ရွက်ရန် နိုင်ငံတော်အကြီး အကဲများက လမ်းညွှန်မှာကြားခဲ့ပါသည်။
ကွင်းဆင်းစစ်ဆေး ဖြည့်ဆည်းဆောင်ရွက်ပေး
ဤလမ်းညွှန်ချက်နှင့်အညီ ဖောက်လုပ်လျက်ရှိသော ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)သို့ ဆက်သွယ် ပေးမည့် ကျောက်ဂူ-နောင်ဝိုး- ပန်ဝပ်-သဘာဝတံတား- ကုန်းဆာ-နမ့်လန် လမ်းကြောင်းအား စံချိန်မီ အဆင့်မြှင့်တင်၍ လုပ်ငန်းများ ပီပြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ရှမ်းပြည်နယ် အစိုးရအဖွဲ့တို့နှင့် ပေါင်းစပ်ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ ဟန်ချက်ညီစွာ အချိန်မီပြီးစီးရေးအတွက် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးနိုင်ရန် အလို့ငှာ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်သည် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်လင်းအောင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး၊ ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲသွေး၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးရဲနိုင်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ပြီးခဲ့သည့် မေလ ၁၅ ရက်နေ့တွင် သွားရောက်ကွင်းဆင်း ကြည့်ရှုစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။ ထိုခရီးစဉ်အတွင်း ဒေသခံတိုင်းရင်းသား ပြည်သူများ၏ လိုအပ်ချက်များဖြစ်သည့် အခြေခံအဆောက်အအုံ၊ ကျေးလက်လမ်း၊ ရေရရှိရေး၊ လျှပ်စစ်မီး၊ ပညာရေး၊ ကျန်းမာရေးနှင့် ဘာသာ ရေးဆိုင်ရာ ကိစ္စရပ်များကိုပါ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု
ကျောက်ဂူ-နောင်ဝိုး- ညဉ့်စဉ်-ကွန်ကော့- ပန်ဝပ်-သဘာဝတံတား -ကုန်းဆာ-နမ့်လန် လမ်းသည် စုစုပေါင်း (၅၀/၄)မိုင် ရှိသည့်အနက် ကျောက်ဂူ- နောင်ဝိုး- ညဉ့်စဉ်- ကွန်ကော့- ပန်ဝပ်-သဘာဝတံတားလမ်းပိုင်း (၃၅/ဝ)မိုင်အား နယ်စပ်ရေးရာ ဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့တို့က တာဝန်ယူဆောင်ရွက်ခဲ့ရာ ကတ္တရာလမ်း (၅/ဝ)မိုင်၊ ကျောက်လမ်း(၃၀/ဝ) မိုင် ဖောက်လုပ်ပြီးဖြစ် သည်။ အဆိုပါလမ်းတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့က ဆောင်ရွက်ခဲ့သော ကျောက်လမ်း (၃/ဝ)မိုင် ပါဝင်သည်။ ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာနသည် သဘာဝတံတား-နမ့်လန်လမ်းပိုင်း (၁၅/၄)မိုင်ကို တာဝန်ယူ ဆောင်ရွက်ခဲ့ရာ က တ္တရာ(ဝ/၄) မိုင်၊ အမာခံလမ်း (၄/၄)မိုင်၊ ကျောက်ရောမြေလမ်း (၁၀/၄)မိုင်ဖောက်လုပ်ပြီးဖြစ်သည်။ ဝန်ကြီးဌာနများနှင့် ပြည်နယ်အစိုးရတို့သည် မိမိတို့တာဝန်ယူထားသော လမ်းပိုင်းအလိုက် လိုအပ်သည့် တံတားနှင့် Box Culvert များ ကိုလည်း တည်ဆောက်ပေးထားပြီး ဖြစ်ပါသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်နေသော ကျောက်ဂူ-နောင်ဝိုး လမ်းပိုင်းတွင် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှ စ၍ စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးသို့ ငွေအပ်လုပ်ငန်းစနစ်ဖြင့် ကျောက်လမ်း(၁/ဝ)မိုင်၊ ပေ ၂၀ တံတားခြောက်စင်း၊ ဆိုက်ခေါင်ကျေးရွာအနီး ပေ၂၀ဝ ဘေလီတံတားတစ်စင်း တည်ဆောက်ခြင်းတို့ကို စတင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင်လည်း ကျောက်လမ်း (၅/ဝ)မိုင်နှင့် ပြင်ထိန်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးခဲ့သည်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တို့တွင် နယ်စပ်ရေးရာ ဝန်ကြီးဌာနက ကျန်လမ်းပိုင်းနေရာများ၌ ကျောက်ခင်း ခြင်း၊ ကတ္တရာခင်းခြင်း၊ တံတားနှင့် Box Culvert များတည်ဆောက်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
မဟာဗျူဟာ ဆက်သွယ်ရေးလမ်းအဖြစ်ရည်မှန်း
နယ်စပ်ရေးရာ ဝန်ကြီးဌာနအနေဖြင့် မိမိတို့ချမှတ်ထားသော မူဝါဒ၊ လုပ်ငန်းစဉ်များနှင့်အညီ ကျေးလက်ဒေသများ သို့အရောက် လမ်းများဖောက်လုပ်ရာ၌ တစ်နေရာနှင့်တစ်နေရာ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကိစ္စရပ်များကို လျင်မြန်စွာ ကူးလူးဆက်သွယ် သွားလာနိုင်စေရန်အတွက် ကျေးလက်လမ်းများအား အဓိကရည်မှန်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ လမ်း/တံတားများ ခံနိုင်ဝန်မှာလည်း ၁၃ တန်အထိသာ ဖြစ်သည်။ ထိုသို့ ရှေ့ပြေးဖောက်လုပ်ပေးသွားပြီးနောက် သင့်လျော်မည့် အချိန်ကာလတစ်ခုတွင် ဒေသနှင့် နိုင်ငံတော်အတွက် စဉ်ဆက်မပြတ် အကျိုးစီးပွား ဖြစ်စေသည်ဆိုပါက ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ကာ ယင်းဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် မဟာဗျူဟာမြောက် လမ်းများဖြစ်လာစေရေး ဆက်လက်အဆင့်မြှင့်တင် ပြုပြင်ထိန်းသိမ်းဆောင်ရွက်ပေးသွားရန် ရည်မှန်းထားရှိပါသည်။ ယခုတင်ပြခဲ့သည့် ကျောက်ဂူ-နောင်ဝိုး- ပန်ဝပ်-သဘာဝတံတား- ကုန်းဆာ-နမ့်လန်လမ်းအား ဆက်လက်အဆင့်မြှင့်တင် ပြုပြင်ထိန်း သိမ်းဆောင်ရွက်နိုင်ရန်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာန ရှမ်းပြည်နယ် အစိုးရတို့သည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှစ၍ နှစ်စဉ်လိုအပ်သလို ရန်ပုံငွေများ အဆိုပြုလျာထားသကဲ့သို့ နယ်စပ်ရေးရာဝန်ကြီးဌာန အနေဖြင့်လည်း ဒေသခံလူထုနှင့် တွေ့ဆုံစဉ် ဒေသခံလူထုက တောင်းဆိုတင်ပြခဲ့သည့် မိုင်းယွန်း-နောင်ဝိုးလမ်း၊ တုံလော-ကွန်ကော့လမ်းကဲ့သို့ ယခု လမ်းမကြီး၏ ဝဲ/ယာ မှ ဝင်ရောက်လာမည့် ဒေသအတွင်းလမ်းများကို ဆက်လက်ဖောက် လုပ်နိုင်ရေးအတွက် လုပ်ငန်းအလိုက် စိစစ်၍ ရန်ပုံငွေများ လျာထားဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရပါသည်။
ရရှိမည့်အကျိုးကျေးဇူးများ
လက်ရှိ အများဆုံးအသုံးပြုသွားလာနေကြသော ပြင်ဦးလွင်- နောင်ချို- ဂုတ်တွင်း (ဂုတ်ထိပ်)-ကျောက်မဲ-သီပေါ-လားရှိုး လမ်းကြောင်းသည် အဓိကပင်မဆက်သွယ်ရေးလမ်းမကြီးတစ်ခုဖြစ်နေသော်လည်း ဂုတ်တွင်း (ဂုတ်ထိပ်)၌ ရံဖန်ရံခါ ကုန်တင် ယာဉ်တွဲကားကြီးများ လမ်းချော်တိမ်းမှောက်မှုဖြစ်ပွားပါက ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်တတ်ပါသည်။ လမ်းပြန်ပွင့်သည် အထိ အနည်းဆုံး ငါးနာရီ ခြောက်နာရီခန့် ရှင်းလင်းမှုများ ပြုလုပ်ရပါသည်။ ရွှေညောင်-ရပ်စောက်-အင်တော-ကျောက်ဂူ-နောင်ချိုလမ်းသည်လည်း အတက်၊ အဆင်း မတ်စောက်သည့် ဒုဋ္ဌဝတီတံတား (တာပလန်းဆိပ်)ကို ဖြတ်ကျော်ရမည် ဖြစ်သကဲ့သို့ နောင်ချိုအလွန်၌ ဂုတ်တွင်း(ဂုတ်ထိပ်)ကို ရှောင်ကွင်း၍ မသွားနိုင်ပါ။ ဂုတ်တွင်း(ဂုတ်ထိပ်)ကို ဖြတ်ပြီးမှသာ ကျောက်မဲ-သီပေါ- လားရှိုးသို့ ဆက်လက်သွားရောက်နိုင်ပါမည်။ ယခုဖောက်လုပ်ပြီးစီးခဲ့သော ရပ်စောက်- အင်တော-ကျောက်ဂူ-နောင်ဝိုး- ညဉ့်စဉ်-ကွန်ကော့-ပန်ဝပ်- သဘာဝ တံတား- ကုန်းဆာ-နမ့်လန်လမ်းသည် သီပေါမှ တစ်ဆင့်လားရှိုးသို့ ဆက်သွယ်ထားသည်ဖြစ်ရာ ကျောက်ဂူ-နောင်ချိုလမ်းထက် ခရီးမိုင်(၃၀/ ဝ)မိုင်၊ တောင်ကြီး-လွိုင်လင် -လဲချား-မိုင်းကိုင်-ပန်ကေတု-နမ့်လန်- သီပေါလမ်းထက် ခရီးမိုင်(၂၀/၄)မိုင် တိုသွားပါမည်။ ထို့အတူလားရှိုးသို့ ဆက်သွယ်ရာ နောက်တစ်လမ်းဖြစ်သည့် တောင်ကြီး-လွိုင်လင်- လဲချား-မိုင်းနောင်- မိုင်းရှူး-မိုင်းကောင်- တန့်ယန်း-လားရှိုး လမ်းထက် ခရီးမိုင် (၉၂/ဝ)မိုင် တိုသွားမည်ဖြစ်သည်။ လားရှိုးမှတစ်ဆင့် တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေးဇုန်ဖြစ်သော မူဆယ်မြို့သို့ ဆက်သွယ်သွားလာနိုင်မည်ဖြစ်ရာ နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာအထောက်အကူပြုမည် ဖြစ်ပါသည်။ ထိုနည်းတူစွာ တောင်ကြီးမှတစ်ဆင့် ကျိုင်းတုံ၊ တာချီလိတ်လမ်းအတိုင်း ထိုင်းနိုင်ငံ၊ လာအို နိုင်ငံများသို့ ဆက်သွယ်နိုင်မည်ဖြစ်သည်။
ဤအကျိုးကျေးဇူးများကို ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့မှ တိုင်းရင်းသား သွေးချင်းများအပြင် ရှမ်းပြည်နယ်အတွင်းမှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများဖြစ်သည့် ကိုးကန့်၊ ပလောင်၊ ပအိုဝ်းနှင့် ဓနုဒေသများ၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းမှ တိုင်းရင်းသားများပါ ခံစားခွင့်ရရှိကြမည်ဖြစ်သည်။ တစ်နည်းဆိုရသော် ရှမ်းပြည်နယ်အတွင်းမှ တိုင်းရင်းသား သွေးချင်းများ၏ လူမှုစီးပွားဘဝကိုမြှင့်တင်ပေးမည့် လမ်းတစ်သွယ် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
လက်တွဲညီညီ ဆောင်ရွက်ခဲ့ကြသည်
ကျောက်ဂူ- နောင်ဝိုး- ညဉ့်စဉ်- ကွန်ကော့-ပန်ဝပ်- သဘာဝတံတား-နမ့်လန်လမ်းအား နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်ချက်နှင့်အညီ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။ ထို့အပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ လမ်းညွှန်ချက်အရ အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ် နယ်မြေ၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေအသီးသီးမှ သက်ဆိုင်ရာ တိုင်းမှူး၊ တပ်မမှူးများက ကြီးကြပ်၍ တပ်မတော် သားများကလည်း အဆိုပါလမ်းအတွက် လိုအပ်ချက်များ ကူညီပံ့ပိုးဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြသည်ကို မြေပြင်သတင်း၊ ရုပ်မြင်သံကြားသတင်းများတွင် တွေ့ရှိနေရပါသည်။ ရှမ်းပြည်နယ်အတွက် ယခုကဲ့သို့ အကျိုးပြုလမ်းတစ်လမ်း ပေါ်ပေါက်လာခြင်းသည် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် ပြည်သူ လက်တွဲညီညီ ကြိုးပမ်းဆောင်ရွက်ကြခြင်း၏ အကျိုးရလဒ်ကောင်းတစ်ခုဖြစ်သည်။ ယခုလမ်းသည် ဒေသခံတိုင်းရင်းသားများ လူမှုစီးပွားဘဝ မြင့်မားတိုးတက်စေရန် အထောက်အကူ ပြုနေသကဲ့သို့ နယ်မြေ တည်ငြိမ်အေးချမ်းရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ ပြည်ထောင်စု စိတ်ဓာတ်များ ရှင်သန်ထွန်းကားရေးတို့အတွက် အမှောင်ခွင်း၍ အလင်းဆောင်ပေးမည့် အကျိုးပြုလမ်း တစ်သွယ်လည်း ဖြစ်ပါကြောင်း ဂုဏ်ပြုရေးသားတင်ပြလိုက်ရပါသည်။ ။