ကျောက်မဲ ၁၇ ဇွန်
ရှမ်းပြည်နယ်(မြောက်ပိုင်း) မန္တလေး-လားရှိုး ပြည်ထောင်စုလမ်းမကြီး နောင်ချိုမြို့နယ် ဂုတ်တွင်း လမ်းပိုင်း နောင်ချိုမှ ကျောက်မဲဖက်သို့ ယာဉ်မောင်း သက်နိုင်ထွန်း (၂၇ နှစ်)မောင်းနှင်လာသော ခရီးသည်တင်ယာဉ် မင်းသားကြီး Express ယာဉ်အမှတ် 3Q/---- (MGY)အမျိုးအစားသည် ယနေ့နံနက် ၃ နာရီကျော် ခန့်က မိုင်တိုင်အမှတ် ၈၂/၆-၇ ကြားရှိလမ်းအကွေ့(ကုလားမကွေ့)တွင် ရောက်ရှိစဉ် အရှိန် မထိန်းနိုင်ဘဲ လမ်းဝဲဖက်ရှိ ချောက်ထဲသို့ထိုးကျခဲ့ရာမှ မိုင်တိုင်အမှတ် ၈၃/၃-၄ ကြားလမ်းမကြီးပေါ်သို့ ပြုတ်ကျ တိမ်းမှောက်မှုဖြစ်ပွားခဲ့သည်။
အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းအပါအဝင် ယာဉ်ပေါ်လိုက်ပါလာသော ခရီးသည်များ အနက် ကျား ၂ ဦး၊ မ ၁ ဦး စုစုပေါင်း ၃ ဦးသေဆုံးခဲ့ပြီး ကျား ၆ ဦး၊ မ ၅ ဦး ဒဏ်ရာရရှိခဲ့သည်။
ဒဏ်ရာရရှိသော လူနာများကို နောင်ချိုမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။
အဆိုပါ ခရီးသည်တင်ယာဉ်သည် မကွေး-လားရှိုး ပြေးဆွဲသောခရီးသည်တင် ယာဉ်ဖြစ်ပြီး ယာဉ်မောင်း၊ ယာဉ်နောက်လိုက် အပါအဝင် လူဦးရေ စုစုပေါင်း ၁၄ ဉီးလိုက်ပါလာကြောင်း သိရှိရသည်။
မိုင်းထွန်း(ကျောက်မဲခရိုင်ပြန်/ဆက်)


