ဒီဇင်ဘာ ၂၆
ပရီမီယာလိဂ်ကလပ် စပါးအသင်းသည် ဂျူဗင်တပ်စ်အသင်းမှ ဗဟိုခံစစ်ကစားသမားတစ်ဦးဖြစ်သူ ဒီလစ်ကို ခေါ်ယူရန် ပစ်မှတ်ထားနေကြောင်း သတင်းများတွင် ဖော်ပြထားသည်။
နယ်သာလန်ကစားသမားသည် ၂၀၁၉ ခုနှစ်တွင် အိုင်းယက်စ်အသင်းမှ ပေါင် ၆၇ ဒသမ ၅ သန်းဖြင့် ဂျူဗင်တပ်စ်အသင်းသို့ ပြောင်းရွှေ့ခဲ့သူ ဖြစ်သည်။
အဆိုပါကစားသမားအနေဖြင့် ဂျူဗင်တပ်စ်အသင်းမှ ထွက်ခွာကာ စိန်ခေါ်မှုအသစ်များကို ရှာဖွေလိုနေသော်လည်း စပါးအသင်းအနေဖြင့် ဒီလစ်ကိုခေါ်ယူရန် စောင့်ဆိုင်းရဖွယ်ရှိနေသည်။
ဒီလစ်ကို ခေါ်ယူမည့်အသင်းများအနေဖြင့် စာချုပ်လျော်ကြေး ပေါင်သန်း ၁၃၀ ပေးချေရဖွယ်ရှိနေသည်။ ဒီလစ်ကို ခေါ်ယူရေးတွင် စပါးအသင်းအပြင် ချယ်ဆီးအသင်းကလည်း ခေါ်ယူရန် ပစ်မှတ်ထားနေသည်။ ချယ်ဆီးအသင်းသည် လာမည့်နွေရာသီတွင် အသင်းမှ အဓိက ခံစစ်ကစားသမားလေးဦးဖြစ်သည့် ရူဒီဂါ၊ ဆီးဗားလ်၊ အက်စ်ပီလီကျူတာနှင့် ခရစ္စတန်ဆန်တို့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မည် ဖြစ်သည့်အတွက် အဆိုပါ ကစားသမားကိုခေါ်ယူရန် ပစ်မှတ်ထားနေခြင်းဖြစ်သည်။
အခြားသတင်းရင်းမြစ် တစ်ခုတွင် စပါးအသင်းသည် ပြင်သစ်နာမည်ကြီး ပီအက်စ်ဂျီအသင်းမှ ခေါ်ယူရန် ပစ်မှတ်ထားနေသည့် အေစီမီလန်အသင်းမှ အိုင်ဗရီကို့စ် ကွင်းလယ်ကစားသမား ကက်ဆီ(၂၅နှစ်) ကိုလည်း ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း ဖော်ပြထားသည်။ ဒီလစ်သည် ဂျူဗင်တပ်စ်အသင်းအတွက် ပြိုင်ပွဲအရပ်ရပ် ၈၉ ပွဲပါဝင်ကစားထားပြီး ခြောက်ဂိုးသွင်းယူပေးထားသည်။
အောင်ဇော်