ဂူဂဲလ်၏ Bard AI Chatbot ကို မြန်မာနိုင်ငံတွင်လည်း စတင်အသုံးပြုနိုင်

 

ရန်ကုန်  ဧပြီ  ၄

 

ရှာဖွေရေးအင်ဂျင်လောကတွင် မိုက်ခရိုဆော့ဖ်က ဉာဏ်ရည်တု (AI) လုပ်ဆောင်ချက်ပါသော New Bing ကို မိတ်ဆက်ခဲ့ပြီးနောက် Bing နှင့်အပြိုင်ဖြစ်သော ဂူဂဲလ်ကလည်း ၎င်း၏ ဉာဏ်ရည်တု Chatbot ဖြစ် သည့် Bard AI ကို မတ် ၂၁ ရက်က ကမ္ဘာတစ်ဝန်းမှ နိုင်ငံအချို့၌ စတင်မိတ်ဆက်၍ စမ်းသပ်အသုံးပြုခွင့်ပေးခဲ့သည်။ အဆိုပါ မိတ်ဆက်သည့် နိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံ မပါဝင်သေးသော်လည်း မြန်မာနိုင်ငံမှ အသုံးပြုလိုသူများအနေဖြင့် Virtual private network တစ်ခုခုကို အသုံးပြု၍ တည်နေရာပြောင်းခြင်းဖြင့် Bard AI ကို စတင်အသုံးပြုနိုင်ပြီဖြစ်သည်။

 

မိုက်ခရိုဆော့ဖ်၏ New Bing က နာမည်ကြီးသော ဉာဏ်ရည်တုဖြစ်သည့် ChatGPT ကို ထည့်သွင်းပေး လိုက်၍ ကမ္ဘာတစ်ဝန်း၌ အသုံးပြုသူများလာချိန်တွင် ဂူဂဲလ်အနေဖြင့် Bard AI ကို စမ်းသပ်ကာလအဖြစ် မိတ်ဆက်ခဲ့ခြင်းဖြစ်ကာ Bing ကို အမီလိုက်ရန် အလျင်အမြန် မိတ်ဆက်လိုက်ခြင်းကြောင့် လက်တွေ့ သုံးစွဲချိန်တွင် လိုအပ်ချက်များရှိနေသေးသည်ကို တွေ့ရသည်။

 

Bard AI သည် ဘာသာစကားနားလည်မှုတွင် အကန့်အသတ်ရှိနေသေးပြီး လက်ရှိအချိန်တွင် အင်္ဂလိပ်ဘာသာမှလွဲ၍ မည်သည့်ဘာသာကိုမှ နားမလည်သေးပေ။ ထို့ပြင် စာသားမှလွဲ၍ မည်သည့် ဓာတ်ပုံ၊ ဗီဒီယိုနှင့် Link များကိုမှ မပြနိုင်သေးပေ။ နောက်ပိုင်းတွင် ဘာသာစကားအမျိုးမျိုးဖြင့် အသုံးပြုနိုင်ရန်နှင့် ဓာတ်ပုံများကို AI က ဖန်တီးပေး နိုင်သည်အထိ ဆက်လက်အဆင့်မြှင့်တင်မည်ဟု ဆိုထားသော်လည်း အချိန်ကာလအတိအကျကိုမူ ပြောထားခြင်းမရှိပေ။

 

ထို့ကြောင့် ဘာသာစကား နားလည်မှုနှင့် စာစီ စာကုံးရေးခြင်းကဲ့သို့ အချက်အလက်အသစ် ဖန်တီးမှု များတွင် ChatGPT နှင့် New Bing တို့က Bard AI ထက် ပိုကောင်းနေသည်ကို တွေ့ရသည်။ Bard AI က ChatGPT ထက်ပိုကောင်းသည့် အားသာချက်မှာ ChatGPT သည် ၂၀၂၁ ခုနှစ် ဇွန်လအထိသာ လေ့ကျင့်ပေးထားသောကြောင့် ထိုအချိန်အထိသာ အချက်အလက်များကို တိတိကျကျ ရှာဖွေပေးနိုင်ခြင်း ဖြစ်ပြီး Bard AI ကမူ လက်ရှိအချိန်အထိ ပို၍ တိကျသော အချက်အလက်များကို ရှာဖွေပေးနိုင် သည်။ ထို့ပြင် Bard AI ၏ အဖြေများသည် မလုံလောက်ပါက ခလုတ်တစ်ချက်နှိပ်ရုံဖြင့် ဂူဂဲလ် နှင့် ဆက်ရှာနိုင်ရန် ချိတ်ဆက်ပေးထားခြင်းမှာ New Bing ထက်ပိုကောင်းသည့် အားသာချက်ဖြစ်သည်။

 

Bard AI ကို စတင်အသုံးပြုလိုသူများသည် တိုက်ရိုက်အသုံးပြုနိုင်မည်မဟုတ်ဘဲ Bard.google.com ဝက်ဘ်ဆိုက်သို့ဝင်၍ အသုံးပြုလိုကြောင်း အချက်အလက်များ ဖြည့်စွက်တင်ပြကာ waitlist စာရင်းတွင် စောင့်ဆိုင်းရမည်ဖြစ်သည်။ ဖြည့်စွက်ရမည့် အချက်အလက်များမှာ ဂျီမေးလ်အပါအဝင် ဂူဂဲလ်၏ဝန်ဆောင်မှုများကို သုံးစွဲနေသူများအတွက် လွယ်ကူသော အချက်အလက်များသာဖြစ်သည်။ အဆိုပါစာရင်းတွင် ငါးရက်ခန့်ကြာပြီးမှသာ Bard AI ကို အသုံးပြုရန် ခွင့်ပြုချက်ကို ရရှိမည်ဖြစ်သည်။ လက်ရှိအချိန်တွင် မိုဘိုင်းအက်ပလီကေးရှင်းလည်း ထွက်ရှိခြင်းမရှိသေးဘဲ ဖုန်းဖြင့်ဖြစ်စေ၊ ကွန်ပျူတာ ဖြင့်ဖြစ်စေ ဘရောက်ဇာများမှတစ်ဆင့်သာ အသုံးပြု နိုင်မည်ဖြစ်သည်။

 

ကိုစိုး