ဖေဖော်ဝါရီ ၁၄

ကျူးဘားနိုင်ငံ ဟာဗာနားမြို့တော်ရှိ ဟိုတယ်တစ်လုံးတွင် ယမန်နေ့က ပေါက်ကွဲမှုဖြစ်ပွားသဖြင့် တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသန္တရမီဒီယာကဖော်ပြထားသည်။

အဆိုပါသမိုင်းဝင်မြို့ဟောင်းရှိ ကာရစ်ဘီဟိုတယ်တွင် ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ထိုပေါက်ကွဲမှုတွင် အနီးဝန်းကျင်ရှိ အဆောက်အဦးများ ပျက်စီးမှုမရှိကြောင်းနှင့် ယင်းနေရာသို့ မီးသတ်သမားများနှင့် ရဲတပ်ဖွဲ့များ ရောက်ရှိလာကြောင်း ဖော်ပြထားသည်။

ယင်းဟိုတယ်ရှိ အသစ်ပြုပြင်နေဆဲဖြစ်သော ပဉ္စမထပ်အခန်းတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်းနှင့် ထိုအချိန်တွင် တည်းခိုသူများမရှိကြောင်း သိရသည်။

ထိုမတော်တဆမှုဖြစ်ပွားသည့်အကြောင်းရင်းကို အာဏာပိုင်များက စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်လျက်ရှိသည်။

၂၀၂၂ ခုနှစ်မေလက မြို့ဟောင်းရှိ လူသိများရာ ဆာရာတိုဂါဟိုတယ်တွင် ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူပေါင်း ၄၆ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို