ဟားခါး ၁၂ ဇွန်
ချင်းပြည်နယ် ဟားခါး-ထန်တလန် ကားလမ်း၊ တီးမစ်ချောင်းအနီး မိုင်တိုင် (၃/၅) အနီးတွင် အန္တရာယ်ရှိသော ကျောက်တုံးကြီးများ ဖြိုချရန်ရှိသည့်အတွက် အဆိုပါကျောက်ဆောင်ဖြိုချနေစဉ် အချိန်ပိုင်းအတွင်း အန္တရာယ်ကင်းရှင်းရေးအတွက် ကားလမ်းမကို ခေတ္တပိတ်ထားမည်ဖြစ်ရာ ခရီးသွားလာကြသော ဒေသခံပြည်သူများ ကြိုတင်သိရှိထားနိုင်ရေးအတွက် ဟားခါးမြို့နယ် လမ်းဦးစီးဌာနက အသိပေးဆိုင်းဘုတ်များ စိုက်ထူ၍ ကြိုတင်အသိပေး ထားရှိကြောင်း သိရှိရပါသည်။
“ခရီးသွားပြည်သူများနှင့် ယာဉ်မောင်းများ ကြိုတင်သိရှိထားနိုင်အောင် အသိပေးဆိုင်းဘုတ်များ စိုက်ထူထားတာ ဖြစ်ပါတယ်၊ ခုလက်ရှိအချိန်ထိတော့ ကားလမ်းကိုပိတ်ထားချိန် မရှိသေးပါဘူး။ ကားလမ်းကို ခေတ္တပိတ်ထားချိန်မှာ မော်တော်ဆိုင်ကယ်နဲ့ မော်တော်ယာဉ်ငယ်တွေသွားလာလို့ရအောင် လမ်းလွှဲတွေကို မိုင်တိုင်အမှတ် (၂/၃)၊ ဟားခါးဘက်မှ မိုင်တိုင်အမှတ်(၄/၁) ထန်တလန်ဘက်အထိ ကြိုတင်ဆောင်ရွက်ထားပါတယ်။ ကားကြီးတွေက တော့လမ်းလွှဲက သွားခွင့်ပြုမှာမဟုတ်ဘဲ သတ်မှတ်ပေးထားတဲ့ ယာဉ်သွားလာချိန်မှာပဲ ကားလမ်းကနေ မောင်းခွင့်ပေးမှာ ဖြစ်ပါတယ်” ဟု ဟားခါးမြို့နယ် လမ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ကျောက်ဆောင်ဖြိုချမည့် နေ့ရက်တို့ကိုလည်း ကြိုတင်အသိပေးဆောင်ရွက်မည်ဖြစ်ပြီး ကျောက်ဆောင်ဖြိုချ မည့်အချိန်များမှာ နံနက် ၈ နာရီမှ ၁၂ နာရီထိ ၊ မွန်းလွဲ ၁ နာရီခွဲမှ ၅ နာရီခွဲထိဖြစ်ပြီး ယာဉ်များသွားလာရန် လမ်းဖွင့်မည့်အချိန်များမှာ နံနက် ၆ နာရီမှ ၈နာရီ ၊ နေ့လယ် ၁၂ နာရီမှ မွန်းလွဲ ၁ နာရီခွဲ ၊ ညနေ ၅ နာရီခွဲမှ ၇ နာရီအချိန်ထိဖြစ်ရာ ကြိုတင်အသိပေး ဆိုင်းဘုတ်များဖြင့် ကြေငြာထားရှိကြောင်း သိရှိရပါသည်။
မြင့်နိုင်စိုး(ထီးလှိုင်မြေ)
