ဟားခါး ၁၀ ဖေဖော်ဝါရီ
ဟားခါးမြို့နယ် ဟားခါးမြို့ ပြည်တော်သာမြို့မဈေးသစ်ကြီး၌ မီးဘေးလုံခြုံရေး စစ်ဆေးခြင်းနှင့် မီးငြှိမ်းသတ်ခြင်း သရုပ်ပြခြင်းကို ယနေ့ နံနက် ၁၀ နာရီခွဲက အဆိုပါ ဈေးသစ်ရှေ့၌ ပြုလုပ်ခဲ့သည်။
သရုပ်ပြပွဲတွင် ဟားခါးမြို့နယ် မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ဝင်များက ပြည်တော်သာ မြို့မဈေးသစ်ကြီးအတွင်း မီးဘေးလုံခြုံရေးအတွက် မီးသတ်ဆေးဘူးများ ထားရှိသည့်အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဈေးသူ၊ ဈေးသားများအား မီးသတ်ဆေးဘူး အသုံးပြုနည်းများနှင့် လက်တွေ့ မီးငြှိမ်းသတ်နည်းများကို သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ မီးဘေးလုံခြုံရေး စစ်ဆေးခြင်းနှင့် မီးငြှိမ်းသတ်ခြင်းသရုပ်ပြခြင်းသို့ မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ ရေသည်ယာဉ် ၁ စီး ၊ လူနာတင်ယာဉ် ၁ စီးတို့ဖြင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ဇာတ်တိုက် လေ့ကျင့်ခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ကြရာ ရပ်ကွက်နေပြည်သူများနှင့် ဈေးသူ၊ ဈေးသားများက စိတ်ပါဝင်စားစွာ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျော်စွာ(ပြန်/ဆက်)