ဟားခါး  ၂၃  မတ်

ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ ဝမ္မသူးမောင် အားကစားကွင်းရှိ ပွဲကြည့်စင်များအား အသစ်ပြန်လည် တည်ဆောက်ရန် လုပ်ငန်းများ စတင်လျက်ရှိကြောင်း ချင်းပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦး ထံမှ သိရသည်။

အဆိုပါ ဝမ္မသူးမောင် အားကစားကွင်းကို ၁၉၉၈ ခုနှစ် ကျောင်းသားအားကစားပွဲတော် ကျင်းပရန် တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး ယခုအခါ ပွဲကြည့်စင်များမှာ ဟောင်းနွမ်းနေပြီဖြစ်သဖြင့် ၂၀၁၉−၂၀၂၀ ဘဏ္ဍာနှစ် ချင်းပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုဘဏ္ဍာရန်ပုံငွေ ကျပ်သန်း ၆၄၀ ဖြင့် အသစ်ပြန်လည်တည်ဆောက်ခြင်းဖြစ်ကြောင်း သိရသည်။

“ဝမ္မသူးမောင် အားကစားကွင်းကြီးကို ချင်းပြည်နယ်မှာ ကျင်းပခဲ့တဲ့ ကျောင်းသား အားကစားပွဲတော် ၁၉၉၈ ခုနှစ် မတိုင်မီက တည်ဆောက်ခဲ့တာပါ။ ပွဲကြည့်စင်တွေ နှစ်ကြာပြီဖြစ်လို့ ကြံ့ခိုင်မှု အားနည်းနေပြီ။ အဲဒါကြောင့် ၂၀၁၉−၂၀၂၀ ဘဏ္ဍာနှစ်မှာ ချင်းပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ပွဲကြည့်စင်ရဲ့ အနောက်ဘက်၊ တောင်ဘက်နဲ့ မြောက်ဘက်တွေကို အသစ်ပြန်လည်တည်ဆောက်သွားမှာ ဖြစ်ပါတယ်” ဟု လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦးက ပြောသည်။

အဆိုပါ ဝမ္မသူးမောင်အားကစားကွင်းအသစ်ကို ပွဲကြည့်စင်အဆင့်ပေါင်း (၁၈)ဆင့်ဖြင့် အသစ်ပြန်လည်တည်ဆောက် မည်ဖြစ်ပြီး ပွဲကြည့်စင်အဟောင်းမှ အသားများကို စနစ်တကျ လေလံတင်ရောင်းချထားကြောင်း၊ ချင်းပြည်နယ်၏ ဂုဏ်ဆောင်အားကစားသမားများ လေ့ကျင့်မွေးထုတ်ပေးရာ ဝမ္မသူးမောင်အားကစားကွင်းအပြင် ဟားခါးမြို့၌ ဦးကီယိုမန်း အားကစားကွင်း၊ ဦးမန်ကီးယို အားကစားကွင်းတို့လည်းရှိကြောင်း သိရှိရပြီး ယခုလက်ရှိတွင် COVID – 19  ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နွေရာသီအားကစားသင်တန်းများကို ယာယီ ရပ်တန့်ထားရှိကြောင်း သိရသည်။

မြင့်နိုင်စိုး(ပြန်/ဆက်)