ဟားခါးမြို့အတွင်း ကိုဗစ်-၁၉  ရောဂါ ကူးစက်မှုမရှိစေရေး ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်

ဟားခါး  ၂    ဧပြီ        

ချင်းပြည်နယ် ကိုဗစ်-၁၉  ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ဟားခါးမြို့နယ် နယ်မြေခံဝန်ကြီး ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးအိုး ဦးဆောင်၍ ပြည်နယ်၊ ခရိုင်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်း၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဟားခါးမြို့အတွင်း ကိုဗစ်-၁၉  ရောဂါ ကူးစက်မှု မရှိစေရေး ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများကို ဧပြီ ၂ ရက် နံနက် ၉ နာရီအချိန်က ဟားခါးမြို့ အဝေးပြေးကားဂိတ်နေရာ  ကားဝင်းအတွင်း ခရီးသည်တင် မော်တော်ယာဉ်များ၊ ပစ္စည်းထားရှိရာနေရာများနှင့် ခရီးသည်ထိုင်နေရာများ၊ လုံခြုံရေး စစ်ဆေးရေးဂိတ်မှူးရုံးခန်းများ အားလုံးနှင့်မြို့အဝင် ဂိတ်နေရာများကို ပိုးသတ်ဆေးများ ပက်ဖျန်း ခဲ့ကြကြောင်း သိရသည်။

 

‌ေ

 

ရှေးဦးစွာ အဝေးပြေးကားဂိတ် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများအား နယ်မြေခံဝန်ကြီး ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးအိုးက လိုက်လံကြည့်ရှုစစ်ဆေးခဲ့ရာ ချင်းပြည်နယ် လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေးကြီးကြပ်ညှိနှိုင်းမှုဦးစီးဌာန၊ ပြည်နယ် ဦးစီးမှူး ဦးစောမြင့်လွင်က မော်တော်ယာဉ်များတွင် စီးနင်းလိုက်ပါမည့် ခရီးသွားပြည်သူများအား ကိုဗစ်-၁၉  ရောဂါကူးစက်မှု မရှိစေရေး မော်တော်ယာဉ်ပိုင်ရှင်များ၊ ဂိတ်မှူးများ၊ ယာဉ်မောင်းများနှင့် ပူးပေါင်း၍ လက်ဆေးကန်များ၊ Hand Gel များ၊ အသိပညာပေး ပိုစတာများ ဆောင်ရွက်မှု အခြေအနေများကို လည်းကောင်း၊ ပြည်နယ်မီးသတ် ဦးစီးဌာန၊ခေတ္တပြည်နယ်မှူး ဦးကျော်ကျော်က ဟားခါးမြို့အတွင်း ပိုးသတ်ဆေး ပက်ဖျန်းခြင်းလုပ်ငန်းများ အချိန်ပြည့်ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ဟားခါးမြို့အဝင် လုံခြုံရေး စစ်ဆေးရေးဂိတ်၊မော်တော်ယာဉ် Toll Gateနှင့် ဟားခါးမြို့ မြန်မာ့စီးပွားရေးဘဏ်တို့၌ ကိုဗစ်-၁၉  ရောဂါ ကူးစက်မှု မရှိစေရေး ပိုးသတ်ဆေးများ ပက်ဖျန်းပေးခဲ့ရာ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့်အတူ ပူးပေါင်းအဖွဲ့များက လိုက်ပါဆောင်ရွက်ခဲ့ကြသည်။

 

‌ေ

 

ဟားခါးမြို့အတွင်း ကိုဗစ်-၁၉  ရောဂါကူးစက်မှုမရှိစေရေး  အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပြီး ပြည်နယ်၊ခရိုင်၊မြို့နယ်မီးသတ်တပ်ဖွဲ့များနှင့် ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များ၊ ပြည်နယ်ပြည်သူ့ကျန်းမားရေးနှင့်ကုသရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ အရပ်ဖက် အဖွဲ့အစည်းများက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ အသိပညာပေးနှိုးဆော်ခြင်းများ၊ ရောဂါကူးစက်မှုမရှိစေရေး ပိုးသတ်ဆေးဖျန်းခြင်းများနှင့် ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများကို အချိန်ပြည့်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

မြင့်နိုင်စိုး (ပြန်/ဆက်)