ဟားခါး ၁၄ မေ
ချင်းပြည်နယ် ဟားခါးမြို့နယ် သီဖူးလ်ကျေးရွာမှ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ အသက်(၁၈)နှစ်အရွယ် (Case-150) အမျိုးသမီးအား ဧပြီ ၂၉ ရက်နေ့တွင် ဟားခါးမြို့ပြည်သူ့ ဆေးရုံကြီးသို့ ဆေးကုသမှု ခံယူနေရာမှ ယခုအခါ ဓာတ်ခွဲစစ်ဆေးချက်များအရ (၂)ကြိမ်ဆက်တိုက် ရောဂါပိုး မတွေ့ရှိရတော့သဖြင့် မေ ၁၃ ရက်နေ့ညနေ ၄ နာရီခွဲအချိန်တွင် ဆေးရုံမှ ဆင်းခွင့်ပြုပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါ အမျိုးသမီးအား ဟားခါးမြို့ ပြည်သူ့ဆေးရုံမှဆင်း၍ Facility Quarantine ထားရှိရာမှ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းသို့ ပြောင်းရွှေ့ခဲ့ရာ ချင်းပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးတိုးဝင်းနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ဟားခါးခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦး၊ ဟားခါးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးနှင့် တာဝန်ရှိသူများက သွားရောက်တွေ့ဆုံကာ အားပေးစကားများ ပြောကြားပြီး လိုအပ်သည်များကို ကူညီဆောင်ရွက် ပေးခဲ့ကြသည်။
အဆိုပါ အမျိုးသမီးမှာ တရုတ်နိုင်ငံမှ ပြန်လာသူဖြစ်ပြီး ဟားခါးမြို့ Facility Quarantine ထားရှိရာ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် ဧပြီ ၁၆ ရက်နေ့မှ စတင်ရောက်ရှိကာ ဧပြီ ၂၉ ရက် နံနက် ၇ နာရီအချိန် အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာန(ရန်ကုန်) NHLမှ ဓာတ်ခွဲအဖြေအရ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိရသူဖြစ်ပြီး ၄င်းမှာ ဧပြီ ၂၉ ရက်နေ့ ဆေးရုံတက်ရောက်ကုသနေစဉ် အချိန်မှစ၍ ကျန်းမာရေး ကောင်းမွန်လျက်ရှိပြီး မေ ၁၂ ရက်နေ့တွင် နောက်ဆုံး ၂ ကြိမ် ဓာတ်ခွဲစစ်ဆေးမှု၌ ၂ ကြိမ် ဆက်တိုက် ရောဂါပိုးမတွေ့ရှိရတော့သဖြင့် ဆေးရုံက ဆင်းခွင့်ရခဲ့သည်။
ဆက်လက်ပြီး ဟားခါးမြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ Facility Quarantine (၇)ရက် ဆက်လက်ထားရှိမည် ဖြစ်ကြောင်း၊ လက်ရှိ၌လည်း ကျန်းမာရေး ကောင်းမွန်လျက်ရှိပြီး အားငယ်စိတ် မဖြစ်ပေါ်စေရေး ပြည်နယ်လူမှုရေးဝန်ကြီး နှင့်တာဝန်ရှိသူများက စိတ်ဓာတ်မြှင့်တင် အားပေးလျက်ရှိကြောင်း သိရှိရသည်။
အောင်ခွီရှိန်း(ပြန်/ဆက်)


