ဟားခါး ၁၀ သြဂုတ်
ချင်းပြည်နယ် အသေးစားစက်မှုလက်မှု လုပ်ငန်းဉီးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်ဖြင့် လူသုံးကုန် လက်တွေ့လုပ်ငန်းခွင်(၂/၂၀၂၀) သင်တန်းကို ယနေ့ နံနက် ၁၀ နာရီက ဟားခါးမြို့ စျေးသစ်ရပ်ကွက်ရှိ ကာရာနီ ဘုရားကျောင်း၌ ကျင်းပသည်။
အခမ်းအနားတွင် ချင်းပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စိုက်ပျိုးရေးဉီးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးအောင်မျိုးဦးက အမှာစကားပြောကြားကာ ပြည်နယ် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးစိုးသိန်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့်အတူ စားသောက်ကုန်၊ လူသုံးကုန် ပစ္စည်းများနှင့် ပတ်သက်၍ သင်တန်းမှပို့ချမည့် သင်ခန်းစာများကို အလေးထားလိုက်နာ သင်ယူကြရန်၊ လူသုံးကုန်နှင့် ရိုးရာလက်မှုပညာများ၊ အသက်မွေးဝမ်းကျောင်းပညာရပ်များအား တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနများမှ စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် လူသုံးကုန် လက်တွေ့လုပ်ငန်းခွင် သင်တန်းပေါင်း (၃၀၀)ကျော်ဖြင့် သင်တန်းသား၊ သင်တန်းသူ (၉၀၀၀) မွေးထုတ်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။
အဆိုပါသင်တန်းသို့ ဟားခါးစမြို့ပေါ်ရပ်ကွက်များမှ သင်တန်းသား၊ သင်တန်းသူ(၃၅)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ သြဂုတ် ၁၀ ရက်မှစ၍ (၆)ရက်ကြာ စာတွေ့လက်တွေ့ဖြင့် တစ်ပိုင်တစ်နိုင် ထုတ်လုပ်ရောင်းချနိုင်သည်အထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)