ဟားခါး  ၃၀  ဇူလိုင်                              

 

ချင်းပြည်နယ် ဟားခါးမြို့ရှိ မော်တော်ယာဉ်လိုင်းများ ပြေးဆွဲရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များနှင့်အညီ လိုက်နာပြေးဆွဲနိုင်စေရေး အသိပညာပေးကို ယနေ့နံနက် ၈ နာရီက ဟားခါး အဝေးပြေးကားဂိတ်တွင် ဆောင်ရွက်ခဲ့သည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ချင်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ကျန်းမာရေးမှူး ဦးပီတာထန် ဒိတ်တုန်း၊ ပြည်နယ်လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်းမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးစောမြင့်လွင်၊ ပြည်နယ် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးမျိုးလွင်ဦးနှင့် ပူးပေါင်းအဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း အများပြည်သူသုံး ယာဉ်ကြီး၊ ယာဉ်ငယ်နှင့် အဝေးပြေးကားဂိတ်များတွင် လိုက်နာဆောင်ရွက်ရမည့် အချက်များတွင်ပါဝင်သည့် ခရီးသွားပြည်သူများ၊ ယာဉ်ဝန်ထမ်းများ၊ ယာဉ်လိုင်းပိုင်ရှင်များနှင့် အငှားယာဉ်မောင်းများ လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များ၊ အဝေးပြေးကားဂိတ်၊ ယာဉ်ရပ်နားစခန်းများကို ပိုးသတ်ဆေးဖျန်းခြင်းနှင့် ပိုးသတ်သန့်စင်ဆေးရည် ဖျော်စပ်နည်းများကို အသိပညာပေး ပြောကြားခဲ့ပြီး တက်ရောက်လာကြသူများအား ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။

 

ထို့နောက် ပူးပေါင်းအဖွဲ့သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးအတွက် မိမိလုပ်ငန်းကဏ္ဍအလိုက် ဆွေးနွေးကာ မော်တော်ယာဉ်၏အင်္ဂါရပ်များ ပြည့်စုံမှုရှိ မရှိနှင့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက် ခရီးသည်ပြည်သူများအနေဖြင့် လိုက်နာရမည့်အချက်များ လိုက်နာမှုရှိ မရှိတို့ကို စစ်ဆေးခဲ့ကြပြီး လိုက်နာမှုမရှိပါက အရေးယူခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

 

(ခရိုင် ပြန်/ဆက်)