ဟားခါး ၁၁ ဒီဇင်ဘာ
၂၀၁၉ ခုနှစ် ချင်းပြည်နယ် ကျောင်းသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီက ဟားခါးမြို့ရှိ ဝမ္မသူးမောင် အားကစားကွင်း၌ကျင်းပရာ ချင်းပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန် ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ၊ ခရိုင်အလိုက် လာရောက်ယှဉ်ပြိုင်ကြသည့် အားကစားသမားများနှင့် နည်းပြများ တက်ရောက်ခဲ့သည်။
ဖွင့်ပွဲတွင် ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်က ကျောင်းသား အားကစားပွဲတော် ကျင်းပရခြင်း၏ ရည်ရွယ်ချက်များဖြစ်သည့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်တိုးတက်မြင့်မားရေး၊ ကျောင်းတွင်း အားကစားပြိုင်ပွဲမှတစ်ဆင့် နိုင်ငံ့ကိုယ်စားပြု အားကစား သမားများ လေ့ကျင့်ပြုစုနိုင်ရေး၊ အားကစားစိတ်ဓာတ်ကို အရင်းခံ၍ ချစ်ခင်ရင်းနှီးမှု၊ ဇွဲရှိမှု၊ သည်းခံမှု၊ စိတ်ဓာတ်ကြံ့ခိုင်မှု၊ စည်းလုံးညီညွတ်မှု စသည့် ကောင်းမြတ်သော အလေ့အကျင့်များ၊ အရည်အသွေး ကောင်းများရရှိလာစေရေး ကြိုးစားဆောင်ရွက်ကြရန်နှင့် ချင်းပြည်နယ်ဂုဏ်ဆောင်သော အားကစား သမား ကောင်းများ ပေါ်ထွန်းလာစေရေး ကြိုးပမ်းဆောင်ရွက်ကြရန် ပြောကြားသည်။
ယနေ့ဖွင့်ပွဲ ပွဲစဉ်အဖြစ် အသက်(၁၆)နှစ်အောက် ဟားခါးခရိုင် ဘောလုံးအသင်းနှင့် မင်းတပ်ခရိုင် ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ပြီး တက်ရောက်လာသူများက ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါ ကျောင်းသားအားကစားပွဲတော်ကို ၁၉၉၀−၁၉၉၁ ပညာသင်နှစ်က စတင်ကျင်းပခဲ့ရာ ၁၉၉၇−၁၉၉၈ ပညာသင်နှစ်တွင် ချင်းပြည်နယ် ဟားခါးမြို့တွင် နောက်ဆုံးကျင်းပခဲ့ပြီး ၂၀၁၁−၂၀၁၂၊ ၂၀၁၂−၂၀၁၃ ပညာသင်နှစ်တွင် နေပြည်တော်၌ ဆက်လက်ကျင်းပခဲ့သည်။
၂၀၁၉ ခုနှစ်တွင် အခြေခံပညာဦးစီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဘောလုံးပြိုင်ပွဲ၊ ဘောလီဘော ပြိုင်ပွဲ၊ ပြေးခုန်ပစ်ပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲများကို နေပြည်တော်တွင် ကျင်းပပြုလုပ် သွားမည်ဖြစ်ရာ ပြည်နယ်အဆင့် ပြိုင်ပွဲအသီးသီးမှ လူရွေးချယ်ကာ ဟားခါးမြို့၌ ဒီဇင်ဘာ ၁၃ ရက်မှ ၂၁ ရက်နေ့အထိ စခန်းသွင်း လေ့ကျင့်ပေးသွားမည်ဖြစ်သည်။
ဟားခါးမြို့မှ နေပြည်တော်သို့ ဒီဇင်ဘာ ၂၂ ရက်တွင် သွားရောက်မည်ဖြစ်ပြီး ဟားခါးခရိုင် အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးနိုင်းမန်ထံမှ သိရသည်။
ကျော်စွာ(ပြန်/ဆက်)