ဟားခါး ဇူလိုင် ၂၈
ချင်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ စီစဉ်မှုဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက် ဟားခါးနှင့် မတူပီမြို့တို့၌ တစ်ရက်လျှင် အောက်ဆီဂျင်လီတာ ၄၀ ဆံ့ အလုံး(၂၀၀)ထုတ်လုပ်နိုင်မည့် အောက်ဆီဂျင် စက်ရုံများ ဩဂုတ်လအတွင်း တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
ချင်းပြည်နယ်အတွင်းရှိ ပြည်သူ့ဆေးရုံများတွင် တပ်ဆင်ထားသည့် အောက်ဆီဂျင် Plant များသည် အောက်ဆီဂျင်ထုတ်လုပ်မှုစွမ်းအားကျဆင်းလာသည့်အတွက် အောက်ဆီဂျင်လိုအပ်ချက်များကို ပခုက္ကူမြို့၊ မုံရွာမြို့နှင့် မန္တလေးမြို့များသို့ သွားရောက် ဖြည့်တင်းလျက်ရှိရာ အခက်အခဲများစွာ ရှိကြောင်း သိရသည်။
ဟားခါးမြို့နှင့် မတူပီမြို့တို့၌ တပ်ဆင်မည့် အောက်ဆီဂျင်စက်များသည် တစ်ရက်လျှင် အောက်ဆီဂျင် လီတာ ၄၀၀ ဆံ့အိုး အလုံး(၂၀၀)ထုတ်လုပ်နိုင်မည်ဖြစ်ပြီး ၎င်း အောက်ဆီဂျင်စက်များထားရှိရန် (၃၀ x ၆၀ x ၁၅)ပေ RC အဆောက်အဦ တစ်လုံးစီကိုပါ ဆောက်လုပ်သွားမည်ဖြစ်သည့်အပြင် အဆိုပါစက်ရုံများ တည်ဆောက်ပြီးစီးပါက ဖလမ်းနှင့် ထန်တလန်မြို့နယ်တို့က ဟားခါးမြို့သို့လည်းကောင်း၊ ပလက်ဝ မြို့နယ်က မတူပီမြို့သို့ လည်းကောင်း လိုအပ်သည့် အောက်ဆီဂျင်များ လာရောက်ဖြည့်တင်းနိုင်မည် ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီက ပလက်ဝမြို့အတွက် 10 Liter Permanent Oxygen Concentrator (၁၀)လုံးနှင့် ပလက်ဝမြို့နှင့် ဆမီးမြို့တို့ အတွက် 25 KVA မီးစက်(၁)လုံးစီ ထောက်ပံ့ပေးခဲ့ရာ မကြာမီ ပလက်ဝသို့ ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။ ချင်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ စီစဉ်မှုဖြင့် ပြည်နယ်အတွင်း အောက်ဆီဂျင်လိုအပ်ချက်များ အထောက်အကူပြု အသုံးပြုနိုင်ရန် အောက်ဆီဂျင် ၄၀ လီတာဆံ့ အိုး အလုံး(၃၀၀)ကို မှာယူခဲ့ပြီး ဖြစ်ကြောင်းနှင့် မကြာမီရောက်ရှိလာမည်ဖြစ်ကြောင်း ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံးမှ သိရသည်။
ပြည်နယ်(ပြန်/ဆက်)


