ဟားခါး၊ ၉ ဒီဇင်ဘာ

ဟားခါးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ ကိုယ်ပိုင်အသက်မွေးဝမ်းကျောင်းအတွက် ကိုယ်ပိုင်အလုပ်အကိုင်နှင့် ဝင်ငွေရရှိစေရေး ရည်ရွယ်၍ ဒီဇင်ဘာလမှ စတင်၍ ဆိုင်ကယ်ပြုပြင်ရေးသင်တန်း ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ သင်တန်းဖွင့်လှစ်ပေးခြင်းနှင့် ပတ်သက်၍ ဟားခါးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်နိုင်မင်းထံက “ကျွန်တော်တို့ ဟားခါးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေနဲ့ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆိုင်ကယ်ပြုပြင်ရေး သင်တန်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်းမှာ ရွာ(၂)ရွာကို ရွေးချယ်ထားပါတယ်၊ ဒီဇင်ဘာလမှာ စသင်ပေးပါတယ်၊ ကျေးလက်နေပြည်သူများ ကိုယ်ပိုင်အသက်မွေးဝမ်း ကျောင်းအတွက် ကိုယ်ပိုင်အလုပ်အကိုင်နှင့် ဝင်ငွေရရှိစေရေး ရည်ရွယ်၍ပြီးဖွင့်လှစ်သင်ကြား ပေးတာပါ၊ သင်တန်းကာလကတော့ တစ်ကြိမ်ကို (၁၈)ရက်ကြာပြီးတော့ သင်တန်းနည်းပြကိုတော့ ဟားခါးက (၂)ဦးကို ငှားထားပါတယ်၊ ဆိုင်ကယ်ပြင်ဆိုင်လည်း ဖွင့်လို့ရအောင်၊ ပြီးတော့ ဆိုင်ကယ် တစ်စီးလုံး ဖြုတ်တပ်အကုန်သင်ပေးပါတယ်။ အင်ဂျင်ခွဲတာအစသင်ပေးပါတယ်၊ သင်တန်းသားအနေနဲ့ တစ်ကြိမ်ကို လူဦးရေ(၂၀) တက်ရောက်ပါတယ်။ သင်တန်းမှာအသုံးပြုဖို့ ပစ္စည်းဖိုး၊ သင်တန်း နည်းပြအတွက် သင်တန်းတစ်ကြိမ်ကို ငွေကျပ်(၂၄၅၀၀၀၀)ကို ထောက်ပံ့ပါတယ်။(၂)ရွာဆိုတော့ ငွေကျပ်(၄၉၀၀၀၀၀)ကို ထောက်ပံ့ဆောင်ရွက်သွားဖို့ရှိပါတယ်။ ပြည်ထောင်စုရန်ပုံငွေနှင့် ဆောင်ရွက်တာပါ”ဟု ပြောပြခဲ့ပါတယ်။

ဟားခါးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ ကိုယ်ပိုင်အသက်မွေးဝမ်းကျောင်းအတွက် ကိုယ်ပိုင်အလုပ်အကိုင်နှင့် ဝင်ငွေရရှိစေရေးရည်ရွယ်၍ ၂၀၂၀-၂၀၂၁ခု ပြည်ထောင်စုရန်ပုံငွေ (၄၉၀၀၀၀၀)ဖြင့် ဟားခါးမြို့နယ် ဖာရွန်းကျေးရွာနှင့် ဗန်ဟားကျေးရွာတို့တွင် ဆိုင်ကယ်ပြုပြင်ရေးသင်တန်း ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း ဟားခါးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်နိုင်မင်း ထံမှ သိရှိရသည်။

အောင်ခွီရှိန်း (ခရိုင်ပြန်/ဆက်)