ဟားခါး ၁၇  ဇွန်        


ချင်းပြည်နယ် ဟားခါးမြို့၊ ပြည်နယ်ပြည်သူ့ဆေးရုံကြီးတွင် အသစ်တပ်ဆင်ထားသည့်  ကျေက်ကပ်သန့်စင်စက်ဖြင့်  ပထမဆုံးအကြိမ် ကျောက်ကပ်သန့်စင်ခြင်း လုပ်ငန်း စတင်ဆောင်ရွက်မှုကို ဇွန် ၁၇ ရက် နံနက် ၉ နာရီခွဲက အဆိုပါဆေးရုံရှိ ကျောက်ကပ်သန့်စင်ဌာနတွင် ကျင်းပခဲ့ရာ ချင်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွဲ၊ပြည်နယ် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးဝီကော၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်းနှင့် ပြည်နယ်၊ ခရိုင်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများက ကြည့်ရှုအားပေးကြပြီး ပြည်နယ် ပြည်သူ့ကျန်းမာရေး၊ ကုသရေးဦးစီးဌာနမှူး ဒေါက်တာတင်မောင်ဆွေ နှင့် ပြည်နယ် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ ဇင်ကိုကိုအောင်တို့က လုပ်ငန်းဆောင်ရွက်မှု အခြေအနေကို ရှင်းလင်းတင်ပြကြသည်။

 

1

 


ထို့နောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ဧည့်သည်တော်များသည်   ပြည်သူ့ဆေးရုံကြီး အတွင်းရှိ သွေးလှူဘဏ်ဌာနတွင် အသစ်တပ်ဆင်သော စက်ပစ္စည်းများ၊ ကလေးအထူးကြပ်မတ်ဆောင်တွင် အသစ်တပ်ဆင်ထားသော စက်ပစ္စည်းများကို ကြည့်ရှုကြရာ  ပြည်နယ် ပြည်သူ့ဆေးရုံအုပ်ကြီးနှင့် အထူးကုဆရာဝန်များက  ရှင်းလင်းပြသကြသည်။


ဟားခါးမြို့ ပြည်နယ်ပြည်သူ့ဆေးရုံကြီး၏ ကျောက်ကပ်သန့်စင်ဌာနတွင် သမားတော်ကြီး ဒေါက်တာဝင်းမြင့်က ဦးဆောင်၍ လက်ထောက်ဆရာဝန် ဒေါက်တာ ထန်စိုးလျန်နှင့် သူနာပြု ဆရာမ (၄)ဦးဖြင့် ကျောက်ကပ်ရောဂါ ဝေဒနာရှင်များအား စတင်ကုသပေးလျက်ရှိသည်။


ယခင်က ကျောက်ကပ်ရောဂါသည်များကို ချင်းပြည်နယ်နှင့် မိုင်ပေါင်းများစွာ ဝေးလံသည့် မြို့ကြီးများတွင်သာ သွားရောက်ကုသခဲ့ရပြီး ယခုအချိန်တွင် ဟားခါးပြည်သူ့ဆေးရုံကြီး၌ အထူးကုသမားတော် ဆရာဝန်ကြီးကိုယ်တိုင် ဦးဆောင်ကုသပေးနေပြီဖြစ်၍ ဒေသခံပြည်သူများအနေဖြင့် လွန်စွာဝမ်းမြောက်လျက်ရှိကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။


ခရိုင်(ပြန်/ဆက်)