ဟားခါး  ၂၀  နိုဝင်ဘာ                      

 

ဟားခါးမြို့တွင် ၂၀၁၅ ခုနှစ်သဘာဝဘေးဒဏ် ဝမ်းနည်းအောက်မေ့သည့်အနေဖြင့် ချင်းဘိုးဘွားများ တည်ဆောက်ခဲ့သည့် အိမ်ပုံသဏ္ဍာန်အတိုင်း လူဦးရေ ၅ထောင်ဝင်ဆံ့သည့် Chin Convention Center ခန်းမဆောင်ကို ကိုဗစ်-၁၉ကာလပြီးဆုံးသည့်နောက် ဟားခါးသစ်ရပ်ကွက် ဟားခါးခရစ်ယာန်ဂိုဏ်း ပေါင်းစုံ မြေနေရာ၌ စတင်တည်ဆောက်သွားမည်ဟု သိရှိရသည်။

 

အဆိုပါ ခန်းမတည်ဆောက်နိုင်ရေးနှင့်ပတ်သက်၍ ဟားခါးအခြေစိုက် ချင်းခရစ်ယာန် ဆက်သွယ်ရေး အဖွဲ့(CACC- Chin Association for Christian Communication) ၏အထွေထွေ အတွင်း ရေးမှူး သိက္ခာတော်ရ ဆရာတော်ဒေါက်တာ Za That က “အဆိုပါ ခန်းမဟာ ဟားခါးသစ် ရပ်ကွက်က ဟားခါးခရစ်ယာန်ဂိုဏ်း ပေါင်းစုံမြေနေရာတွင် ခန့်မှန်းခြေ ပေ ၁၆၀ ပတ်လည် အကျယ်အဝန်းနဲ့ တည်ဆောက်ဖို့ ရည်မှန်းထားပါတယ်။ ယင်းခန်းမဟာ ပြည်တွင်းပြည်ပမှာနေထိုင်တဲ့ ချင်းနှစ်ခြင်း ခရစ်ယာန် အသင်းဝင်တွေရဲ့ အလှူငွေနဲ့ (ခန့်မှန်းခြေ)အမေရိကန် ဒေါ်လာ ၂ ဒသမ ၅ ဘီလျံ (မြန်မာငွေ သိန်းပေါင်း ၃၀ဝ၀ဝ)နဲ့တည်ဆောက်မှာဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် ဟားခါးမြေပြိုမှုကိုဝမ်းနည်း အောက်မေ့ သတိရတဲ့အနေနဲ့ ဒီခန်းမကို တည်ဆောက်ခြင်းဖြစ်တယ်။ အခုခန်းမက ချင်းဘိုးဘွားများ တည်ဆောက်ခဲ့သည့် အိမ်ပုံသဏ္ဍာန်အတိုင်း နဲ့ဆောက်မှာပါ။ ခန်းမကို ကြည့်လိုက်တာနဲ့ ဒါချင်းအိမ်ပဲလို့ လူတိုင်းသိရအောင်ပါ။ ချင်းအငွေ့အသက်အများဆုံး ပုံဖော်နိုင်တဲ့ဒီဇိုင်းဖြစ်မှာပါ။ ခန်းမကို ချင်းလူမျိုးတွေအားလုံး လူမှုရေး အစည်းအဝေး၊ ဘာသာရေးအစည်းအဝေးနှင့် ချင်းလူမျိုးများ ညီလာခံစတဲ့ အစည်းအဝေးကြီးတွေ လုပ်ဆောင်နိုင်အောင် ရည်ရွယ်တည်ဆောက်ပါမယ်။ ဟားခါးမှာဆိုရင် လူ(၁၀ဝ၀)လောက်ဝင်ဆံ့တဲ့ ဘာသာရေးအဆောက်အအုံမရှိသေးဘူး အဲ့ကြောင့် ခန်းမထဲမှာတော့ လူ ၃၀ဝ၀ ဆံ့မယ်။ ခန်းမအပြင်ဘက် ဗာရံဒါမှာတော့ လူ ၂ထောင်လောက်ဝင်ဆံ့မယ်။ စုစုပေါင်း လူဦးရေ(၅၀ဝ၀)ဝင် ဆံ့တဲ့ခန်းမဆောင်ပါ။  ပြီးတော့ ကား အစီး ၂၀ဝ လောက် ပါကင်ထိုးနိုင်အောင်လည်း စီစဉ်ထားတယ် လို့ပြောပြခဲ့ပါတယ်။ ခန်းမတည်ဆောက်သည့် ကာလမှာ  ၃ နှစ်မှ ၄ နှစ်အထိကြာမြင့်မှာဖြစ်ပြီး ကိုဗစ်ကပ် ရောဂါ လွန်ပြီးနောက် မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တင်ဒါခေါ်ယူပြီးနောက် တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

 

ခရိုင် (ပြန်/ဆက်)၊ အောင်ခွီးရှိန်း