ဟားခါး ၁၁ ဒီဇင်ဘာ
အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ဒီဇင်ဘာ ၉ ရက် နံနက် ၉နာရီခွဲက ဟားခါးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဗိုလ်တိုက်ချွန်း ခန်းမ၌ ကျင်းပရာ ချင်းပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဆလိုင်းလျန်လွယ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးဝင်းမြင့်ကျော်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်ဦးဆန်နီထန်ကျုံး၊ ပြည်နယ်စာရင်းစစ်ချုပ် ဦးလာလ်တင်မန်း၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးဦးတိုးဝင်း၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ၊ ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်က နိုင်ငံတော်သမ္မတဦးဝင်းမြင့်ထံမှ ပေးပို့သည့် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သဝဏ်လွှာအား ဖတ်ကြားပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ညွှန်ကြားရေးမှူးဦးစိန်တင်က အဂတိလိုက်စားမှု တိုက်ဖျက်ရေး အခြေခံ သဘောတရားနှင့် လက်ရှိဆောင်ရွက်နေမှု အခြေအနေအား ရှင်းလင်းတင်ပြသည်။
ထို့နောက် UNDP က ရိုက်ကူးထားသည့် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် Video Clip ကို ပြသခဲ့ပြီးနောက် ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေးပညာပေး အစီအစဉ်များတွင် ပြည်နယ်အဆင့် ပြိုင်ပွဲဆုရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူလေးများက တေးသရုပ်ဖော်၊ ကဗျာသရုပ်ဖော်များဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်အဆင့် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသူများကို ဆုများပေးအပ်ချီးမြှင့်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်က အထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသည့်ကျောင်းသား၊ ကျောင်းသူများကိုလည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချူပ် ဦးဝင်းမြင့်ကျော်က အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကိုလည်းကောင်း၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်က အလယ်တန်းအဆင့် တေးသရုပ်ဖော်ပြိုင်ပွဲတွင် ဆုရကျောင်းသား၊ ကျောင်းသူများကို လည်းကောင်း၊ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဦးဝီကောက မူလတန်းအဆင့် ကဗျာပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကိုလည်းကောင်း၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီး ဦးမာန်ဟင်းဒါးလ်က မူလတန်းအဆင့် Role Play ပြိုင်ပွဲတွင် ဆုရရှိသည့်ကျောင်းသား၊ ကျောင်းသူများအား ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်က မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲ၊ တေးသရုပ်ဖော်ပြိုင်ပွဲ၊ ကဗျာသရုပ်ဖော်ပြိုင်ပွဲနှင့် Role Play ပြိုင်ပွဲဆုများကို ပြည်နယ်ပညာရေးမှူးရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး (စီမံ)ဆရာကြီး ဦးခေါဂေကီး ထံပေးအပ်ခဲ့ပြီးနောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သိရရှိရသည်။
ကျော်စွာ(ပြန်/ဆက်)