ဟားခါး ၂၅ ဖေဖော်ဝါရီ
ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၏ ကူညီထောက်ပံ့မှုပေး၊ ချင်းပြည်နယ် ဒေသဆိုင်ရာ ခရီးသွား လုပ်ငန်းကော်မတီ၏ကြီးကြပ်မှု၊ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှု ဉီးစီးဌာန၏ စီစဉ်ဆောင်ရွက်မှုဖြင့် ဒေသဆိုင်ရာ ဧည့်လမ်းညွှန် အခြေခံသင်တန်းအမှတ်စဉ် (၄၉)သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီ ခွဲက ဟားခါးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တော နှင့်သတ္တုဝန်ကြီး ဉီးမာန်ဟင်းဒါလ်က ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်ရေး ၊ လူမှုစီးပွား ဘဝမြှင့်တင်ရေး၊ ချင်းပြည်နယ် ခရီးသွားလုပ်ငန်း စနစ်တကျ ဖွံ့ဖြိုးတိုးတက်စေရေး၊ ပြည်တွင်း၊ ပြည်ပခရီးသွား ဧည့်သည်များအတွက် ခရီးသွား ဝန်ဆောင်မှု ပိုမိုကောင်းမွန်လာစေရေး ၊ ချင်းပြည်နယ်၏ ခရီးစဉ်ဒေသ ဆိုင်ရာအချက်အလက်များကိုမှန်ကန်စွာ မျှဝေနိုင်စေရေးနှင့် ခရီးသွားလုပ်ငန်းကဏ္ဍတွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးကို ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း ၊ ချင်းပြည်နယ်သည်တောင်ကုန်း တောင်တန်းများနှင့် ဝန်းရံဖွဲ့စည်းထားပြီး အခြားသော ခရီးစဉ်ဒေသများနှင့် မတူညီသည့် သဘာဝအလှတရား သစ်ပင်၊ ပန်းပင်များ၊ မျိုးစုံသော ဇီဝမျိုးကွဲ သစ်ဉသစ်ဖုများနှင့် ရှားပါးငှက်မျိုးစိတ်များ ၊ လိပ်ပြာများနှင့် တောရိုင်းတိရစ္ဆာန်များအပြင် ဒေသခံချင်းလူမျိုးစုတို့၏ နေထိုင်မှုရိုးရာဓလေ့စရိုက်များ ၊ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ ၊ ဝတ်စားဆင်ယင်ပုံများစသည့် ခရီးသွားဆွဲဆောင်မှုများကို ပိုင်ဆိုင်ထားသည့် ပြည်နယ်တစ်ခု ဖြစ်ကြောင်း၊ ခရီးသွား အရင်းအမြစ်များ ပေါကြွယ်ဝသည့် ချင်းပြည်နယ်ကို လာရောက် လည်ပတ်သည့် ခရီးသွားဧည့်သည်များကို ပြည့်စုံတိကျမှန်ကန်သည့် သတင်းအချက်အလက်များ ဖြန့်ဖြူးပေးရမည် ဖြစ်သည့်အပြင် ချင်းပြည်နယ်သို့ ထပ်မံလာရောက် လည်ပတ်အောင် ကြိုးပမ်းသည့် နေရာတွင် ဒေသဆိုင်ရာဧည့်လမ်းညွှန်များ၏ အခန်းကဏ္ဍသည် များစွာအရေးပါကြောင်း အမှာစကား ပြောကြားသည်။
ထို့နောက် ချင်းပြည်နယ် ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဉီးစီးဌာန ၊ ပြည်နယ်ဉီးစီးမှူး ဉီးအောင်ဖြိုးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသူများနှင့် စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
အဆိုပါ သင်တန်းဖွင့်ပွဲသို့ ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ် တောနှင့်သတ္တုဝန်ကြီး ဉီးမာန်ဟင်းဒါလ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးဉီးတိုးဝင်း ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ချင်းပြည်နယ်အတွင်းရှိ ဒေသခံသင်တန်းသား၊ သင်တန်းသူ ၈၄ ဉီး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ယနေ့မှစ၍ မတ်လ ၂၀ ရက်နေ့အထိ သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ကျော်စွာ(ပြန်/ဆက်)


