ဟားခါး ၁၉ မေ
ချင်းပြည်နယ် အစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုနှင့်အညီ ပြည်နယ်အတွင်း ကုန်စည်စီးဆင်းမှု မြန်ဆန်ရေး၊ ကုန်တင်ကားကြီးများ စနစ်တကျ ရပ်နားပြီး ကုန်အတင်အချ စနစ်တကျဆောင်ရွက်နိုင်ရေးတို့အတွက် ပြည်နယ် အစိုးရ၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် မြေညှိခြင်းအတွက် ကျပ်သန်း ၄၀၊ ကားကြီးကွင်း ဖော်ထုတ်ခြင်းနှင့် ခြံစည်းရိုး ကာရံခြင်းအတွက် ကျပ်သန်း ၄၇.၅၀၀သန်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ကွန်ကရစ်ခင်းခြင်းအတွက် ကျပ်သန်း ၁၉၄.၀၀၀ သန်း၊ ရေရရှိခြင်းနှင့် ရေမြောင်းတည်ဆောက်ခြင်းအတွက် ကျပ်သန်း ၃၈.၀၀၀သန်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကွန်ကရစ်လမ်းခင်းခြင်းအတွက် ကျပ်သန်း ၂၀၀ စုစုပေါင်း ခွင့်ပြုရန်ပုံငွေ ကျပ် ၅၁၉.၅၀၀ သန်းဖြင့် ဟားခါးမြို့ ကျောဘုတ်ရပ်ကွက် အဝေးပြေးကားဂိတ်အနီးတွင် ကားကြီးဝန်းတစ်ခုကို အသစ်ဆောက်လုပ်လျက်ရှိရာ ယခုအခါ လုပ်ငန်းအားလုံး ၁၀၀ ရာခိုင်နှုန်းပြီးစီးနေပြီ ဖြစ်ကြောင်း မေ ၁၉ ရက်တွင် ဟားခါးမြို့နယ် စည်ပင်သာယာရေးရုံး အမှုဆောင်အရာရှိ ဦးတမ်အောင်ရှိန်းထံမှ သိရသည်။
“အရင်ကတော့ ကားကြီးတွေဟာ အဝေးပြေးကားဂိတ်မှာဖြစ်ဖြစ်၊ မြို့ထဲမှာပဲဖြစ် ကုန်အတင်အချ လုပ်ကြရပါတယ်။ ဟားခါးမြို့ရဲမြေမျက်နှာပြင် အနေအထားအရ မြို့ထဲလမ်းတွေဟာ အကွေ့ကောက်များတယ်၊ ကျဉ်းတယ်။ ဒါကြောင့် ကုန်တင်ကုန်ချလုပ်ရာမှာ အခက်အခဲတွေရှိပါတယ်။ ယာဉ်အန္တရာယ်လည်း များတယ်။ ဒါကြောင့်ပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှု ဝန်ကြီး ဦးစိုးထက်၏ လမ်းညွှန်မှုနှင့်အတူ ကားကြီးဝန်းအသစ်ဆောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ကားကြီးဝန်းမှာ ဂိတ်အခန်းပေါင်း ၁၄ ခန်းရှိပြီး ကုန်တင်ကုန်ချ ရုံးခန်းတစ်ခုလည်း သီးခြားဆောက်လုပ်ပေးထားပါတယ်။ ခုလက်ရှိ ကားကြီးဝန်း အဝင်လမ်းကို ကွန်ကရစ်ခင်းခြင်း ဆောင်ရွက်ထားရှိပြီး မကြာမီကုန်တင်ကားကြီးများ ရပ်နားနိုင်တော့မှာ ဖြစ်ပါတယ်” ဟု အမှုဆောင် အရာရှိ ဦးတမ်အောင်ရှိန်းက ပြောပါတယ်။
ချင်းပြည်နယ် အစိုးရအဖွဲ့ အနေဖြင့် ဟားခါးမြို့အား မြို့တော် အင်္ဂါရပ်နှင့်အညီ ဖြစ်စေရေး၊ ပို့ဆောင်ရေးလုပ်ငန်းများ အဆင်ပြေစွာ ဆောင်ရွက်နိုင်ရေးအတွက် ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေး (အဝေးပြေး) ကားဂိတ်ကို ၂၀၂၀ပြည့်နှစ် ဇန်နဝါရီလ ၄ရက်က စတင်ဖွင့်လှစ် ဆောင်ရွက်ခဲ့ပြီး ယခုအခါ အဆိုပါ အဝေးပြေးကားဂိတ်နှင့် ၄ဖာလုံခန့် အကွာတွင် ကုန်တင်ကားကြီးများရပ်နားနိုင်ရန် ကားကြီးဝန်းကို ဆောက်လုပ်ထားရှိခြင်း ဖြစ်ကြောင်း၊ ကားကြီးဝန်း၊ အဝေးပြေးကားဂိတ်နှင့် ဟားခါးမြို့တစ်လျှောက်လမ်းများ သန့်ရှင်းသာယာလှပရေးနှင့် လိုအပ်သည့် လမ်းအဆင့်မြှင့်တင်ခြင်းများလည်း ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
မြင့်နိုင်စိုး(ပြန်/ဆက်)


