ဟားခါး ၃၁ ဇန်နဝါရီ   

 

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ချင်းပြည်နယ် လူမှုဝန်ထမ်းဉီးစီးဌာနက ဖွင့်လှစ်သည့် မိခင်ဝိုင်းခေါင်းဆောင်များအား ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် မိခင်ဝိုင်းများ တိုးချဲ့ဖွင့်လှစ် နိုင်ရေး ပညာပေးသင်တန်းကို ဟားခါးမြို့ ပြည်တော်သာရပ်ကွက်ရှိ အစိုးရမူလတန်းကြိုကျောင်း၌ ဇန်နဝါရီလ ၂၇ ရက်နေ့မှ ၃၁ ရက်နေ့ အထိ ၅ ရက်ကြာ အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

 

4

 

အဆိုပါ သင်တန်းဆင်းပွဲ အခမ်းအနားကို ဇန်နဝါရီလ ၃၁ ရက် ညနေ ၃ နာရီအချိန်က ဟားခါးမြို့အစိုးရ မူလတန်းကြိုကျောင်း၌ ကျင်းပပြုလုပ်ရာ ချင်းပြည်နယ် လူမှုဝန်ထမ်းဉီးစီးဌာန ညွှန်ကြားရေးမှူး ဉီးအေးမင်းညွန့်က ကလေးငယ်များ၏ ဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် မိခင်ဝိုင်းများက တစ်ဆင့်ကလေးများအတွက် အာဟာရပြည့်ဝစေရေး ၊ အနားယူအိပ်စက်နိုင်စေရေး၊ ကျန်းမာပျော်ရွှင်စွာ ကစားနိုင်ရေး ၊ အချင်းချင်း အပြန်အလှန် ဆက်သွယ်မှုရှိစေရေးနှင့် ကလေးငယ်များ အတွက်မှန်ကန်သော လှုံ့ဆော်မှုပေးနိုင်သည့် ပတ်ဝန်းကျင်ကောင်းများ ဖြစ်ပေါ်လာစေရေး မိခင်ဝိုင်းများ တိုးချဲ့ဖွဲ့စည်းဆောင်ရွက်နိုင်ရေးတို့အတွက် ဆောင်ရွက်ရမည့် နည်းလမ်းများနှင့် ပတ်သက်၍ အမှာစကား ရှင်းလင်းပြောကြားသည်။

 

ထို့နောက် မိခင်ဝိုင်းများအတွက် လူမှုဝန်ထမ်းဉီးစီးဌာနက ထောက်ပံ့သည့် အသုံးအဆောင်ပစ္စည်းများကို ပြည်နယ်လူမှုဝန်ထမ်းဉီးစီးဌာန ပြည်နယ်ဉီးစီးမှူး ဦးအေးမင်းညွန့်က ပေးအပ်ရာ မိခင်ဝိုင်းခေါင်းဆောင်များက လက်ခံရယူပြီးနောက် နှီာရ်လောန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဖီးရ်မောင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

 

5

 

ဟားခါးမြို့နယ် အတွင်း၌ မိခင်ဝိုင်းပေါင်း ၁၉ ဝိုင်းဖွဲ့စည်းဆောင်ရွက်နိုင်ခဲ့ပြီး လူမှုဝန်ထမ်းဉီးစီးဌာနမှ မိခင်ဝိုင်းခေါင်းဆောင်တစ်ဦးလျှင် ငွေကျပ် ၅၀၀၀၀ ကျပ်နှူန်း ၊ မိခင်ဝိုင်းတစ်ဝိုင်းတွင် ကလေးငယ် ၂၀ အတွက် တစ်ရက်လျှင် ကျွေးမွေးစရိတ် ငွေကျပ် ၃၅၀ နှုန်းဖြင့် လစဉ်ထောက်ပံ့ပေးလျက်ရှိကြောင်း ၊ ချင်းပြည်နယ် အတွင်း မိခင်ဝိုင်းပေါင်း ၉၆ ဝိုင်းရှိကြောင်း ပြည်နယ်လူမှုဝန်ထမ်းဉီးစီးဌာန ညွှန်ကြားရေးမှူး၏ ပြောပြချက်အရ သိရှိရပြီး အဆိုပါသင်တန်းသို့ ဟားခါးမြို့နယ်အတွင်းမှ မိခင်ဝိုင်းခေါင်းဆောင်များ စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

 

မြင့်နိုင်စိုး(ပြန်/ဆက်)