ဟားခါး ၂၉ မေ
ချင်းပြည်နယ် ဟားခါးမြို့တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မြို့သစ်စီမံကိန်းနှင့် ဟားခါးမြို့အကြား လမ်းပြုပြင်ခြင်းလုပ်ငန်းများ ချင်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုနှင့် အတူ Triple Four Company က စက်ယန္တရားကြီးများဖြင့် ကူညီဆောင်ရွက်လျက်ရှိပြီး မေလ ၂၈ရက်နေ့အထိ လက်ရှိတွင် လမ်းပြုပြင်ခြင်းလုပ်ငန်းများ ၅၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီ ဖြစ်ကြောင်း သိရှိရပါသည်။
“ချင်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်စည်ပင်သာယာရေး၊လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး၏ လမ်းညွှန်မှုနှင့် အတူ မြို့သစ်နှင့် ဆက်စပ်နေတဲ့ လမ်းတွေကို အကျယ် ပေ ၄၀နှင့် ရာသီမရွေး သွားလာနိုင်အောင် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ကုမ္ပဏီအနေနှင့် လူအား စက်အား ပစ္စည်းများကို မြို့တော်အတွက် ကူညီဆောင်ရွက်ပေးနေခြင်း ဖြစ်ပါတယ်” ဟု Triple Four Company မှ M.D ဦးခုမ်အားက ပြောကြားခဲ့ပါတယ်။
“လမ်းတစ်လျှောက်မှာတော့ ရေနုတ်မြောင်း ၂ ခု လုပ်ရပါတယ်။ အရင်ကတော့ ဆိုင်ကယ်သွားရုံ လမ်းက ကျဉ်းပါတယ်။ ခုတော့ ပေ၄၀ အကျယ်လောက်ထိ ရနိုင်သလောက် တိုးချဲ့ဆောင်ရွက်နေပါတယ်။ အလုပ်သမား ၅၀ လောက်နဲ့ ဧပြီလဆန်းက စပြီးဆောင်ရွက်ခဲ့တာ ခုဆိုရင်တော့ ကျွန်မတို့ဆောင်ရွက်ရမဲ့ လုပ်ငန်းရဲ့ ၅၀ ရာခိုင်နှုန်း ကျော်အထိ ပြီးနေပါပြီ။ အခြားလုပ်ငန်းတွေ ဆက်လက် တာဝန်ပေးခဲ့ရင်လဲ ကုမ္ပဏီရဲ့ လမ်းညွှန်မှုနှင့်အတူ ဆက်လက်ဆောင်ရွက်သွားပါမယ်” ဟု Triple Four Companyမှ အင်ဂျင်နီယာ ဒေါ်ထရေစီနာက ပြောကြားပါတယ်။
ယခုဆောင်ရွက်လျက်ရှိသော လမ်းမှာ ဟားခါးမြို့ ဈေးသစ်ရပ်ကွက်မှ ကျောဘုတ်ရပ်ကွက်အထိ ထိုမှ မြို့သစ် စီမံကိန်း ဧရိယာ (၆၇၆ ဧက)အထိ ဖြစ်ပြီး ယခင်က မော်တော်ကားသွား၍ မရဘဲ ဆိုင်ကယ်လမ်းသာ ရှိခဲ့ကြောင်း၊ လမ်းတစ်လျှောက်တွင် ချောင်းငယ်များရှိရာ အချို့နေရာများတွင် ရေနုတ်မြောင်းများ၊ မြေထိန်းနံရံငများဖြင့် လမ်းသွား ခိုင်မာအောင် တည်ဆောက်လျက်ရှိကြောင်း၊ ယခု လက်ရှိတွင် စက်ယန္တရားများ၊ လူအားနှင့် ပစ္စည်းတို့ကို Triple Four Companyက အခမဲ့ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
မြင့်နိုင်စိုး(ပြန်/ဆက်)


