ဟားခါး ၁၉ ဇွန်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၁၉ ခုနှစ်ကို မဲဆန္ဒရှင်စာရင်းပြုစုသည့်နှစ်အဖြစ် သတ်မှတ်၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသော နိုင်ငံသားအားလုံး မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် တိကျမှန်ကန်သော မဲဆန္ဒရှင်စာရင်း ရရှိရန် ဆောင်ရွက်လျက်ရှိရာ ချင်းပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၏ အိမ်ထောင်စုလူဦးရေစာရင်း ပြုစုခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန် ၁၉ ရက် မွန်းလွဲ ၁ နာရီခွဲက ဟားခါးမြို့ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ၊ ပြည်နယ်အဆင့်လုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအုပ်နောလ်က အမှာစကားပြောကြားပြီး ပြည်နယ်ရွေးကောက်ပွဲအရာရှိ ဦးလင်းကျော်က လူဦးရေ စာရင်းအချက်အလက်များ ကောက်ယူပြုစုခြင်း၊ အခြေခံမဲဆန္ဒရှင်စာရင်း ပြုစုခြင်းဆိုင်ရာ လုပ်ငန်း စီမံချက်နှင့် သင်တန်းဖွင့်လှစ်မည့် အစီအမံများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးဆန်းထွန်းစိန်နှင့် တက်ရောက်လာသူများက ဆောင်ရွက် မည့် လုပ်ငန်းစီမံချက်များနှင့်ပတ်သက်၍ အကြံပြုဆွေးနွေးကြရာ ဆွေးနွေးချက်များအပေါ် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းကာ ပြည်နယ်ကော်မရှင်အဖွဲ့ခွဲ ဥက္ကဌက နိဂုံးချုပ်အမှာစကား ပြောကြားသည်။
ချင်းပြည်နယ်အတွင်း လူဦးရေစာရင်းနှင့် အချက်အလက်များ ကောက်ယူခြင်းလုပ်ငန်းကို ဇွန်လမှ သြဂုတ်လ အထိ (၃)လတာကာလအတွင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်နယ် ပြန်/ဆက်မှ သိရသည်။
(MDN)