ဟားခါး ၂၄ မတ်

 

ချင်းပြည်နယ်အတွင်း လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ပြည်နယ်အဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီက ချင်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြီး ချင်းပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဘာသာရေးအသင်းအဖွဲ့များနှင့် သတင်းမီဒီယာများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ပြည်နယ်အဆင့် လုပ်ငန်းကော်မတီဥက္ကဋ္ဌ ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်က ချင်းပြည်နယ်အတွင်း ရောဂါကူးစက်မှု အခြေအနေကို ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စနစ်တကျ ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ကို ပြောကြားသည်။

 

ထို့နောက် ချင်းပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူး ဦးတိုးဝင်းက ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် လုပ်ငန်းများ စီစဉ်ဆောင်ရွက်ထားရှိမှု၊ လက်ရှိအရေးပေါ်အခြေအနေနှင့် ကြုံတွေ့လာမှုအပေါ် ကျန်းမာရေး စောင့်ရှောက်မှုများပေးခြင်း၊ နေရာများစီစဉ်ထားရှိသည့် အခြေအနေများနှင့် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ အရှိန်အဟုန်မြင့် ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

ယင်းနောက် ချင်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်ငွေစံက ချင်းပြည်နယ် တီးတိန်မြို့နယ် ပြည်သူ့ဆေးရုံသို့ COVID-19 ရောဂါပိုးတွေ့ရှိသည့် လူနာအား ကုသနေမှုအခြေအနေများနှင့် ရောဂါပိုး ထပ်မံကူးစက် ပျံ့ပွားမှုမရှိစေရေး ကြိုတင်ကာကွယ်၊ ထိန်းချုပ်ရမည့် နည်းလမ်းများ၊ ဆောင်ရန် ရှောင်ရန် ကိစ္စရပ်များနှင် ပတ်သက်၍လည်းကောင်း ရှင်းလင်းတင်ပြခဲ့သည်။

 

ထို့နောက် တက်ရောက်လာကြသူများက မိမိတို့ကဏ္ဍအလိုက် ဆောင်ရွက်မည့်လုပ်ငန်း အစီအမံများကို ရှင်းလင်း ဆွေးနွေးခဲ့ကြပြီး COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်ကြရန် ပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်က နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။

 

အောင်ခွီရှိန်း(ပြန်/ဆက်)