ဟားခါး ၁၁  မေ

 

ချင်းပြည်နယ်အတွင်း တောင်ယာများပေါ်တွင် မြေဆီလွှာခန်းခြောက်မှုကို ကာကွယ်ထိန်းသိမ်းရန်နှင့် ရိုးရာရွှေ့ပြောင်း တောင်ယာအစား နှစ်ရှည်စိုက်ပျိုးပင်များဖြစ်သော စပျစ်၊ စတော်ပယ်ရီ၊ ဝဥနှင့် အခြားသော မီးဖိုချောင်သုံး ဟင်းသီးဟင်းရွက်ပင်များ စိုက်ပျိုးထုတ်လုပ်ရေး လက်တွေ့ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းက ဟားခါးမြို့၊ မြို့ဟောင်းရပ်ကွက်ရှိ ဟိုင်တလန် စိုက်ပျိုးရေးခြံမှာ ဟားခါးခရိုင် စိုက်ပျိုးရေးမန်နေဂျာ ဦးဟုန်းကီးနှင့် ဝန်ထမ်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

“ဟားခါးမြို့နယ် အပါအဝင် ချင်းပြည်နယ်မှာရှိတဲ့ စိုက်ပျိုးရေးမြေတွေဟာ အများအားဖြင့် တောင်ကုန်း တောင်စောင်း တွေမှာ စိုက်ပျိုးရတာများပါတယ်။ ဒီမှာက မြေအသုံးချတတ်မှု၊ အသုံးချနိုင်မှုက အရေးပါလာပါတယ်။ ဒီအတွက် မြေမျက်နှာပြင်ချိန်နည်းတွေ၊ မြေမျက်နှာပြင် အနေအထားအလိုက် မြေပြုပြင်နည်း၊ စိုက်ပျိုးနည်းတွေကို လက်တွေ့ ကွင်းဆင်းသင်ယူနေပါတယ်။ ကျွန်တော်တို့ဝန်ထမ်းတွေ သင်ယူပြီးရင်တော့ ကျေးရွာတွေမှာရှိတဲ့ တောင်သူတွေဆီကို လက်တွေ့သင်တန်းပေးသွားမှာ ဖြစ်ပါတယ်” ဟု ဟားခါးခရိုင် မြေအသုံးချမှု တာဝန်ခံ ဦးဇလျန်းထန်းက ပြောသည်။

 

ဟားခါးမြို့ ဟိုက်တလန် စိုက်ပျိုးရေးခြံမှာ ဧက(၅၀)ခန့်အကျယ်ရှိပြီး ဝဥစိုက်ပျိုးခြင်း၊ စပျစ်၊ စတော်ဘယ်ရီ စိုက်ပျိုးခြင်းများ၊ ဟင်းသီးဟင်းရွက် စိုက်ပျိုးခြင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။ 

 

ဟားခါးခရိုင် စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့် ဟားခါးမြို့ ကျောဘုတ်ရပ်ကွက်ရှိ ကျောဘုတ်စိုက်ပျိုးရေးဥယာဉ်ခြံတွင် သိပ္ပံနည်းကျ စိုက်ပျိုးထုတ်လုပ်နည်းများကို ဆောင်ရွက်၍ ပျိုးပင်များ၊ စိုက်ပျိုးရေးသီးနှံမျိုးများကို စနစ်တကျ ထုတ်လုပ်ရောင်းချလျက်ရှိကြောင်း ဟားခါးခရိုင် စိုက်ပျိုးရေးမန်နေဂျာ ဦးဟုန်းကီးထံမှ သိရသည်။

 

မြင့်နိုင်စိုး(ပြန်/ဆက်)