ဟားခါး ၁၂ ဇန်နဝါရီ
ပြည်ထောင်စုတရားလွှတ်ချုပ်နှင့် ဒိန်းမတ်−မြန်မာ ပူးပေါင်းဆောင်ရွက်သည့် တရားစီရင်ရေး ကျင့်ဝတ်များဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲက ဟားခါးမြို့ CACC ခန်းမ၌ ကျင်းပသည်။
ရှေးဉီးစွာ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဉီးဝင်းမြင့်ကျော်က ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်း (၂၀၁၈−၂၀၂၂)၏ ၂၀၂၀ ပြည့်နှစ် လုပ်ငန်းစဉ်များတွင် တစ်ခုအပါအဝင်ဖြစ်သော (၃)နှစ်အတွင်း တစ်နိုင်ငံလုံးတရားရုံးများတွင် မှုခင်းစီမံခန့်ခွဲမှု အစီအစဉ် ဆောင်ရွက်ပြီးဖြစ်ရေး ဉီးတည်ချက်များနှင့်အညီ ယနေ့ကျင်းပပြုလုပ်သည့် တရားစီရင်ရေးဆိုင်ရာ ကျင့်ဝတ်များ အလုပ်ရုံဆွေးနွေးပွဲမှ ပို့ချပေးမည့် ကျင့်ဝတ်ဆိုင်ရာ အသေးစိတ် အချက်အလက်များကို အထူးဂရုတစိုက် မှတ်သားလိုက်နာကြရန်နှင့် မရှင်းလင်းသည့် အချက်များကို မေးမြန်းဆွေးနွေးကြရန် လိုအပ်ကြောင်း၊ တရားရေးအရာရှိများအနေဖြင့် တစ်ဉီးချင်းစီအတွက် မရှိမဖြစ်လိုအပ်သော Code of Judicial Ethics ပါ သတ်မှတ်ဖော်ပြချက်များကို အစဉ်သိရှိလိုက်နာ စောင့်ထိန်းရမည်ဖြစ်ကြောင်း၊ သို့မှသာ စွမ်းဆောင်ရည်နှင့် လုံ့လဝီရိယရှိပြီး ဂုဏ်သိက္ခာရှိရှိဖြင့် သာတူညီမျှမှု၊ သမာသမတ်ကျမှုကို အခြေခံလျက် ဖြောင့်မတ်တည်ကြည်စွာ ဉပဒေနှင့်အညီ အမှုများကို လွတ်လပ်စွာ စစ်ဆေးစီရင်နိုင်စွမ်းရှိသော တရားသူကြီးကောင်းတစ်ဉီး မလွဲဧကန်ဖြစ်မည်ဖြစ်ကြောင်း အမှာစကားပြောကြားသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဉီးဝင်းမြင့်ကျော်၊ ချင်းပြည်နယ်တရားလွှတ်တော် တရားသူကြီးများ၊ ချင်းပြည်နယ်အတွင်းရှိ ခရိုင်/မြို့နယ် တရားသူကြီးများ တက်ရောက်ခဲ့ကြပြီး အလုပ်ရုံဆွေးနွေးပွဲတွင် ကျင့်ဝတ်သမိုင်းကြောင်း၊ ရည်ရွယ်ချက်၊ တရားစီရင်ရေး ကျင့်ဝတ်အခန်းကဏ္ဍနှင့် အရေးပါမှု၊ တရားသူကြီးများ ကျင့်ဝတ်ဆိုင်ရာ အခြေခံမူများအား လက်တွေ့လေ့ကျင့်ခန်းများ၊ ဆွေးနွေးမှုများ ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း သိရှိရပြီး အခမ်းအနားအပြီးတွင် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် သင်တန်းနည်းပြများ၊ သင်တန်းသားများ အမှတ်တရ စုပေါင်းမှတ်တမ်း ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။
ကျော်စွာ(ပြန်/ဆက်)