ဟားခါး၊ ၂၁ ဇန်နဝါရီ
ဟားခါးပြည်သူ့ဆေးရုံကြီး၌ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ၌ အသုံးပြုနိုင်ရန်အတွက် အလှူငွေများ ပေးအပ်လှူဒါန်းခြင်းကို ဇန်နဝါရီ ၂၁ ရက်က ဟားခါးမြို့၊ ပြည်သူ့ဆေးရုံကြီး၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ လှူဒါန်းပေးအပ်ရာတွင် ဒေါက်တာဘွေကျင်းတီလ် (သားဖွားမီးယပ် အထူးကု ဆရာဝန်) မိသားစုမှ ငွေကျပ် ငါးသိန်း၊ ဒေါက်တာ ကျော်နိုင်ထွန်း အထူးကု ဆရာဝန် (ဆေးပညာ) မှ ငွေကျပ် ငါးသိန်းနှင့် ဒေါက်တာ မိုးကျော်အောင် လက်ထောက်ဆရာဝန် (သွားနှင့်ခံတွင်း)မှ ငွေကျပ်တစ်သိန်းစုစုပေါင်းအလှူငွေကျပ် ၁၁ သိန်းကို ဟားခါးပြည်သူ့ ဆေးရုံကြီး၌ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် High Flow Nasal Cannula Machine (HFNC) ဝယ်ယူနိုင်ရန် ပေးအပ်လှူဒါန်းခဲ့ကြရာ ဟားခါးပြည်သူ့ ဆေးရုံအုပ်ကြီး ဒေါက်တာဇင်ကိုကိုအောင်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
COVID-19 ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကာလအတွင်း ဟားခါးပြည်သူ့ ဆေးရုံကြီး၌ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ၌ အသုံးပြုနိုင် ရန်အတွက် အလှူရှင်များအနေဖြင့် အလှူငွေများနှင့် ကျန်းမာရေး အသုံးအဆောင်ပစ္စည်းများ ထည့်ဝင်လှူဒါန်း နိုင်ကြောင်း သိရှိရသည်။
အောင်ခွီရှိန်း (ခရိုင်ပြန်/ဆက်)


