တီဟီရန်၊ နိုဝင်ဘာ ၆

 

ဟားမားစ်ခေါင်းဆောင် အစ္စမေးလ် ဟာနီယေးသည် အီရန်ခေါင်းဆောင် အယာတိုလာအလီခါမေနီ နှင့် အီရန်နိုင်ငံ၏ မြို့တော်တီဟီရန်တွင် တွေ့ဆုံခဲ့ကြကြောင်း နိုင်ငံတကာ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

 

အဆိုပါ ခေါင်းဆောင်နှစ်ဦးသည် ဂါဇာကမ်းမြောင် အခြေအနေနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ အီရန်အစိုးရက ဟားမားစ်ခေါင်းဆောင် ဟာနီယေး၏ အီရန်ခရီးစဉ်နှင့် ပတ်သက်ပြီး တနင်္ဂနွေနေ့က ထုတ်ပြန်ကြေညာခဲ့သည်။

 

ဟာနီယေးသည် ဂါဇာကမ်းမြောင်၏ နောက်ဆုံးအခြေအနေများနှင့်ပတ်သက်ပြီး ခါမေနီ ကို အတိုချုပ် ပြောပြခဲ့ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့နောက် ဂါဇာကမ်းမြောင် ဒေသခံများ၏ ဇွဲလုံ့လကို ချီးကျူးကြောင်း၊ အမေရိကန်နှင့် အနောက်နိုင်ငံများ၏ တိုက်ရိုက်ပံ့ပိုးမှုများ နှင့်အတူ ဇီယွန်ဝါဒီအစိုးရ၏ ကျူးလွန်သော ရာဇဝတ်မှုများကို ကန့်ကွက်ရှုတ်ချကြောင်း အီရန် ခေါင်းဆောင်က ပြောသည်။

 

ဟားမားစ်နှင့် အီရန်ခေါင်းဆောင် နှစ်ဦးတွေ့ဆုံမှုသည် အစ္စရေး - ဂါဇာ ပဋိပက္ခစတင် ဖြစ်ပွားချိန်နောက်ပိုင်း ပထမဆုံးအကြိမ် တွေ့ဆုံမှုဖြစ်သည်။

 

အင်န်အိတ်ချ်ကေ