ဂါဇာ နိုဝင်ဘာ ၂၁

ပါလက်စတိုင်းအစ္စလာမ္မစ်အုပ်စုသည် အစ္စရေးနှင့် အတိုက်အခိုက်ရပ်စဲခြင်း သဘောတူညီချက်ရရှိရန် နီးစပ်လာပြီဖြစ်ကြောင်း ဟားမားစ်ခေါင်းဆောင် အစ္စမေးလ်ဟာနီရက်က ပြောကြားလိုက်သည်။

ကာတာနိုင်ငံသို့ အကြောင်းပြန်ကြားချက်ပေးပို့

နိုဝင်ဘာ ၂၁ ရက်က လူမှုမီဒီယာပလက်ဖောင်း တစ်ခုပေါ်  တင်လိုက်သော  ထုတ်ပြန်ချက်တွင် ဟားမားစ်တို့သည် ကာတာနိုင်ငံအပေါ် ၎င်းတို့၏ အကြောင်းပြန်ကြားချက်ကို   ပေးပို့ခဲ့သည်။ ကာတာ နိုင်ငံသည် ဖမ်းဆီးထားသောဓားစာခံများ ပြန်လွှတ်ရေးဆွေးနွေးပွဲကို  ကြားဝင်စေ့စပ်ပေးနေသော နိုင်ငံဖြစ်သည်။

ဟားမားစ်တို့၏ နေရာပေါင်း ၂၅၀ ကို ပစ်မှတ်ထားတိုက်ခိုက်

အစ္စရေးစစ်ဘက်က  ဂါဇာကမ်းမြောင်ဒေသ တွင် ပြင်းထန်သော တိုက်ခိုက်မှုများကို ဆက်လက်ပြုလုပ် လျက်ရှိသည်။  အစောပိုင်းရက်က အစ္စရေး တပ်ဖွဲ့ဝင်များသည်   ဂါဇာကမ်းမြောင်ဒေသရှိ ဟားမားစ် တို့၏  နေရာပေါင်း  ၂၅၀ ကို ပစ်မှတ်ထားပြီး လေကြောင်းစီးနင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သောကြောင့်  ဟားမားစ်တပ်ဖွဲ့ဝင်  အများအပြား သေဆုံးခဲ့သည်။

ဟားမားစ်တို့သည်  လူနေအိမ်ခြေများကို စစ်ရေးရည်ရွယ်ချက်များအတွက် အသုံးပြုလျက်ရှိကြောင်း    အစ္စရေးစစ်ဘက်က  အကြိမ်ကြိမ် ပြောကြားခဲ့သည်။  အစ္စရေးတပ်ဖွဲ့များသည် ဂါဇာမြောက်ပိုင်းရှိ   ဂျာဘလီယာဒုက္ခသည်စခန်းကို မြေပြင်ဝေဟင်တိုက်ခိုက်မှုများ  ပြုလုပ်ခဲ့ကြောင်းနှင့်   ဟားမားစ်တို့ ပုန်းအောင်းရာ နေရာဖြစ်သည့် မြေအောက်ဥမင်ခြေကုပ်နေရာ  သုံးခုကိုလည်း စီးနင်းတိုက်ခိုက် ခဲ့ကြောင်း အစ္စရေးစစ်ဘက်က ပြောခဲ့သည်။

ဝါရှင်တန်တွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဟားမားစ်တို့ဖမ်းဆီးထားသော ဓားစာခံများကို ပြန်လည်လွှတ်ပေးရေး  နီးစပ်လာပြီဖြစ်ကြောင်း နိုဝင်ဘာ ၂၀ ရက်က ပြောကြားခဲ့သည်။

အစ္စရေးနှင့် ဟားမားစ်တို့သည် ငါးရက်ကြာအပစ်အခတ်ရပ်စဲရေးဖလှယ်မှုတွင်  ဓားစာခံ  ဆယ်နှင့်ချီ  လွှတ်ပေးရန်  နီးစပ်လာပြီဖြစ်ကြောင်း ဝါရှင်တန်ပို့စ်တွင် ဖော်ပြခဲ့သည်။

ဓားစာခံများ ပြန်လည်လွှတ်ပေးရေးမှာ ထိပ်တန်းဦးစားပေးကိစ္စရပ်ဖြစ်

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက   ဓားစာခံများ   ပြန်လည်လွှတ်ပေးရေးသည် ထိပ်တန်း ဦးစားပေးကိစ္စရပ်ဖြစ်ကြောင်းနှင့် ယာယီ အတိုက်အခိုက်ရပ်စဲရေး  သဘောတူညီမှုကာလအတွင်း ဓားစာခံများ ပြန်လည်မလွတ်မြောက်သေးသရွေ့ တိုက်ခိုက်မှုများကို  ဆက်လက်လုပ်ဆောင်သွားမည်  မဟုတ်ကြောင်း ပြောကြားခဲ့သည်။

နိုဝင်ဘာ ၂၀ ရက်က နိုင်ငံတကာ ကြက်ခြေနီတပ်ဖွဲ့အကြီးအကဲသည် ကာတာနိုင်ငံသို့ သွားရောက်ခဲ့ပြီး  ကာတာအရာရှိများနှင့်သာမက  ဟားမားစ် ခေါင်းဆောင်တို့ကို သီးသန့်တွေ့ဆုံခဲ့သည်။

နိုင်ငံတကာကြက်ခြေနီအဖွဲ့သည် ဓားစာခံများ ပြန်လည်လွှတ်ပေးရေး စေ့စပ်ညှိနှိုင်းမှုတွင် ပါဝင် သွားမည်မဟုတ်ကြောင်း၊   သို့သော်လည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကြားဝင်ညှိနှိုင်းမှုကို    ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။               

အင်န်အိတ်ချ်ကေ