ဂျေရုဆလင်၊ မတ် ၁၁

ဂါဇာကမ်းမြောင်ဒေသတွင် ဟားမတ်စ်အဖွဲ့အား ချေမှုန်းရန်အတွက် အစ္စရေးတပ်ဖွဲ့က ဆောင်ရွက်နေသည့် စစ်ဆင်ရေးသည် လာမည့်နှစ်လအတွင်း ပြီးစီးမည်ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ပြောကြားခဲ့သည်ဟု ယနေ့စပွတ်ညစ်သတင်းတစ်ရပ်အရ သိရသည်။

ဟားမတ်စ်အဖွဲ့၏ အင်အား လေးပုံသုံးပုံကို တိုက်ခိုက်ချေမှုန်းပြီးစီးပြီ ဖြစ်သဖြင့် တိုက်ပွဲအဆုံးသတ်ရန် နီးကပ် လာပြီဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။ ဂါဇာကမ်းမြောင်ဒေသအား အစ္စရေးတပ်ဖွဲ့က တိုက်ခိုက်မှုအတွင်း လက်ရှိအချိန်ထိ ဟားမတ်စ် စစ်သွေးကြွအဖွဲ့ဝင် ၁၃၀၀၀ အပါအဝင် စုစုပေါင်း ၂၆၀၀၀ခန့် သေဆုံးခဲ့ကြောင်း ၎င်းက မှတ်ချက်ပြု ပြောကြားသည်။

ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်းရှိ ရာဖာမြို့အထိ အစ္စရေးတပ်ဖွဲ့များက ချီတက်တိုက်ခိုက်မည်ဟု ၎င်းက ပြောကြားသည်။ ထို့ပြင် လက်ဘနွန်နယ်စပ်တွင် တည်ငြိမ်အေးချမ်းမှု ရရှိစေရေးအတွက် ဟစ်ဇာဘိုလာ စစ်သွေးကြွအဖွဲ့ကိုလည်း တိုက်ခိုက်ချေမှုန်းမည်ဟု ၎င်းကထပ်လောင်းပြောကြားသည်။

ယမန်နှစ် အောက်တိုဘာ ၇ ရက်တွင် ဟားမတ်စ်အဖွဲ့က အစ္စရေးနိုင်ငံအတွင်းသို့ ဝင်ရောက်တိုက်ခိုက်မှုကြောင့် အစ္စရေးနိုင်ငံသား ၁၂၀၀ သေဆုံးခဲ့ရာ ပြန်လည်တုံ့ပြန်သောအားဖြင့် အစ္စရေးတပ်ဖွဲ့ကလည်း ဂါဇာကမ်းမြောင်ဒေသတွင် စစ်ဆင်ရေးများ ဆောင်ရွက်ခဲ့သည်။

ကိုးကား-စပွတ်ညစ်

ဘာသာပြန်-စိုးသူရ