ဟားမတ်စ်အဖွဲ့က ဖမ်းဆီးထားသည့်ဓားစာခံများကို လွှတ်ပေးမည်ဆိုပါက စစ်ဆင်ရေးရပ်ဆိုင်းမည်ဟု အစ္စရေးပြောကြား

ဂျေရုဆလင် ဧပြီ ၂၈

ဟားမတ်စ်အဖွဲ့က  ဖမ်းဆီးထားသည့်ဓားစာခံများကို လွှတ်ပေးမည်ဆိုပါက ဂါဇာဒေသတောင်ပိုင်း ရာဖာတွင် ဆင်နွှဲမည့်စစ်ဆင်ရေးကို ရပ်ဆိုင်းပေးမည်ဖြစ်ကြောင်း အစ္စရေးနိုင်ငံခြားရေးဝန်ကြီး အစ္စရေးကတ်က ယမန်နေ့တွင် ပြောကြားခဲ့သည်ဟု သိရသည်။

ယခုပြောကြားချက်သည် အပြည်ပြည်ဆိုင်ရာစေ့စပ်ညှိနှိုင်းရေးသမားများက ဂါဇာဒေသတွင် အပစ်အခတ် ရပ်စဲရေးနှင့် ဟားမတ်စ်အဖွဲ့က ဖမ်းဆီးထားသည့် ဓားစာခံများလွတ်မြောက်ရေး တွန်းအားပေး ဆောင်ရွက်နေသည့်ကြားမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ ဓားစာခံများလွတ်မြောက်ရေးသည် အစ္စရေးအတွက် ဦးစားပေးအရေးဖြစ်ပြီး ယင်းတို့လွတ်မြောက်လာပါက အစ္စရေးတပ်ဖွဲ့က ဆင်နွှဲနေသည့် စစ်ဆင်ရေးများကို ရပ်ဆိုင်းပေးမည်ဟု အစ္စရေးနိုင်ငံခြားရေးဝန်ကြီးက ထပ်လောင်း ပြောကြားသည်။

ဂါဇာဒေသ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အစ္စရေး၏ အဆိုပြုချက်များကို မိမိတို့လေ့လာသွား မည်ဖြစ်ကြောင်း ဟားမတ်စ်အဖွဲ့က ပြောကြားသည်။  ဟားမတ်စ်အဖွဲ့က ဖမ်းဆီးထားသည့်ဓားစာခံနှစ်ဦးပါဝင်သည့် ဗီဒီယိုဖိုင်ကို ပြသခဲ့ရာတွင် တဲအဗစ်မြို့၌ ယင်းဓားစာခံများ ပြန်လည်လွတ်မြောက်ရေးအတွက် တောင်းဆိုသည့် ဆန္ဒဖော်ထုတ်ပွဲများ ဖြစ်ပွားခဲ့သည်။  

အမျိုးသမီးနှင့် ကလေးငယ်များအပါအဝင် ဓားစာခံ ၁၃၀ ကျော်ကို ဂါဇာတွင် ဖမ်းဆီးထားဆဲဖြစ်သည်။ ယခုအချိန်အထိ ဂါဇာတွင် အစ္စရေး၏ ထိုးစစ်ဆင်မှုကြောင့် ပါလက်စတိုင်း ၃၄၀၀၀ ကျော် သေဆုံးခဲ့ကြောင်း ဂါဇာရှိ ကျန်းမာရေးအာဏာပိုင်များက ပြောကြားခဲ့သည်။ 

ရာဖာတွင်ရှိနေသည့် ဟားမတ်စ်တိုက်ခိုက်ရေးသမားများကို အစ္စရေးက တိုက်ခိုက်မည်ဟု သိန္နိဋ္ဌာန် ချထားခြင်းကြောင့် ဂါဇာကမ်းမြောင်၏ လူသားချင်းစာနာမှုအခြေအနေများ ပိုမိုဆိုးရွားလာမည်ဟု ကယ်ဆယ်ရေးအဖွဲ့များက ပြောကြားခဲ့သည်။

ကိုးကား - စီဂျီတီအင်န်

ဘာသာပြန် - စိုးသူရ