ဂျီနီဗာ  အောက်တိုဘာ  ၃၀

ဟာရီကိန်းမုန်တိုင်းမယ်လစ်ဆာကြောင့်  ပျက်စီးခဲ့သည့် ကာရေဘီယံဒေသများသို့   အကူအညီများ အမြန်ပေးနိုင်ရေး  ကုလသမဂ္ဂက   အမြန်ဆောင်ရွက်လျက်ရှိသည်။ မုန်တိုင်းဒဏ်ကြောင့် အခြေခံအဆောက်အအုံများပျက်စီးမှုမှာ မကြုံစဖူးဖြစ်ကြောင်း ကုလသမဂ္ဂ ဒေသတွင်းညှိနှိုင်းရေးမှူးတစ်ဦးက ပြောကြားသည်။

ဟာရီကိန်းမုန်တိုင်းသည် ကာရေဘီယံပင်လယ်တွင်  မြောက်ဘက်သို့ရွေ့လျားမှုကြောင့် ဂျမေကာ၊ ဟေတီ၊  ကျူးဘားနှင့်  အခြားနိုင်ငံများ၌  မိုးသည်းထန်စွာရွာသွန်းခြင်း၊    လေပြင်းများတိုက်ခတ်ခြင်းနှင့်   ရေလွှမ်းမှုတို့ဖြစ်ပေါ်ခဲ့သည်။  အဆိုပါ မုန်တိုင်းကို အဆင့်ငါး  ဟာရီကိန်းမုန်တိုင်းအဖြစ် သတ်မှတ်ခဲ့ပြီး   အပြင်းထန်ဆုံးမုန်တိုင်းတစ်ခုဖြစ်ခဲ့သည်။

မုန်တိုင်းကြောင့် ဟေတီနိုင်ငံတွင်  ၂၃ ဦးခန့် သေဆုံးခဲ့ပြီး ဂျမေကာတွင် လေးဦးသေဆုံးခဲ့သည်ဟု သိရသည်။ ပျောက်ဆုံးနေသူများလည်း များပြားကြောင်း သိရသည်။ ကုလသမဂ္ဂ၏ အောက်တိုဘာ ၂၉   ရက်တွင် ထုတ်ပြန်သည့်  အစီရင်ခံစာ၌ ဟာရီကိန်းမုန်တိုင်း မယ်လစ်ဆာ၏ဒဏ်ကို မခံစားရသော ကျွန်းဟူ၍မရှိဟု ဂျမေကာနိုင်ငံရှိ  ကုလသမဂ္ဂညှိနှိုင်းရေးမှူးက ပြောသည်။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်မှ  ဝန်ထမ်းများသည် အစားအသောက်၊ တစ်ကိုယ်ရေသုံးပစ္စည်းများ၊ မီးစက်များနှင့် အခြားအရေးပေါ်သုံးပစ္စည်းများကို လေကြောင်း၊ ပင်လယ်ရေကြောင်းတို့ဖြင့် ပို့ဆောင်ရန် အလျင်အမြန်လုပ်ဆောင်လျက်ရှိသည်ဟု ကုလသမဂ္ဂက ပြောသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး  မာကိုရူဘီအိုကလည်း  ဂျမေကာ၊ ဘဟားမားစ်၊  ဟေတီနှင့် ဒိုမီနီကန်သမ္မတနိုင်ငံများမှ အစိုးရများနှင့် အဆက်အသွယ်ရှိကြောင်း ပြောကြားခဲ့သည်။ အဆိုပါနိုင်ငံများမှ အစိုးရများသည် မုန်တိုင်း၏  ဆိုးရွားသောသက်ရောက်မှုများကို ရင်ဆိုင်နေရကြောင်း ၎င်းက မှတ်ချက်ချပြောကြားခဲ့သည်။

အင်န်အိတ်ချ်ကေ