ဝါရှင်တန် ၂၁ မေ
အမေရိကန်အစိုးရသည် ဟွာဝေးနည်းပညာကုမ္ပဏီနှင့် စီးပွားရေးလုပ်ကိုင်နေမှုအပေါ် ချမှတ်ထားသည့် စည်းမျဉ်းကန့်သတ်ချက်အချို့ကို သုံးလကြာ ဖြေလျှော့ပေးလိုက်ကြောင်း သိရသည်။ တရုတ်နည်းပညာလုပ်ငန်းစုကြီးဖြစ်သည့် ဟွာဝေးကုမ္ပဏီကို အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်သည်ဟူသော အကြောင်းပြချက်ဖြင့် အမည်ပျက် စာရင်းတွင် ထည့်သွင်းလိုက်ပြီးနောက် တစ်ပတ်အကြာတွင် အမေရိကန်က ထိုသို့ ဖြေလျှော့ပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း အမေရိကန်နှင့် ဂျပန်အပါအဝင် အခြားနိုင်ငံများတွင် အမေရိကန်ကုမ္ပဏီများက ဟွာဝေးကုမ္ပဏီနှင့် အခြားဆက်စပ်ကုမ္ပဏီ ၈၆ ခုတို့နှင့် လုပ်ငန်းလုပ်ကိုင်ခြင်းကို အမေရိကန် ကုန်သွယ်ရေးဌာနက ပိတ်ပင်ခဲ့သည်။ ထိုသို့ဖြစ်ခဲ့ပြီးနောက် ပြီးခဲ့သည့် တနင်္လာနေ့တွင် အမေရိကန်သည် အမေရိကန်ကုမ္ပဏီများနှင့် ဟွာဝေးကုမ္ပဏီအကြား လုပ်ငန်းဆောင်ရွက်မှုအပေါ် ချမှတ်ထားသည့် စည်းမျဉ်းကန့်သတ်ချက်တစ်စိတ်တစ်ပိုင်းကို သုံးလကြာ ဖြေလျှော့ပေးလိုက်သည်။
ယင်းသို့ဖြေလျှော့မှုသည် အမည်ပျက်စာရင်းအတွင်း ထည့်သွင်းခံထားရသည့် ကုမ္ပဏီကို အားပေးနေသည့် ကမ္ဘာတစ်ဝန်းမှ ဝယ်သူများအပေါ် ကုမ္ပဏီ၏ နောက်ဆက်တွဲပြဿနာများ ကျရောက်လာနိုင်မှုကို ထိန်းချုပ်ရန် ရည်ရွယ်လျက် ထိုသို့ဖြေလျှော့ပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။ လွတ်ငြိမ်းခွင့်ပေးထားသည့် အချိန်ကာလကို ထပ်တိုးသွားရန်ရှိမရှိကို နောက်ပိုင်းတွင် စစ်ဆေးဆုံးဖြတ်သွားမည် ဖြစ်ကြောင်း ကုန်သွယ်ရေးဌာနက ပြောကြားခဲ့သည်။
အသစ်ထုတ်ပြန်လိုက်သည့် အမိန့်သည် ဟွာဝေးကုမ္ပဏီထုတ်ပစ္စည်းများကို မှီခို အားထားနေသည့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ ပံ့ပိုးသူများအနေဖြင့် အခြားစီစဉ်မှုများ ပြုလုပ်နိုင်စေရန် အချိန်ပေးလိုသည့်အတွက် ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း ကုန်သွယ်ရေးအတွင်းဝန် ဝီလ်ဘာရော့စ်က ပြောကြားခဲ့သည်။
အမေရိကန်ရှိ ဒေသဆိုင်ရာ ဆက်သွယ်ရေးကုမ္ပဏီအချို့သည် ကုန်ကျစရိတ် လျှော့ချရန်အလို့ငှာ ဟွာဝေးကုမ္ပဏီထုတ် ပစ္စည်းများကို အသုံးပြုနေကြကြောင်း သိရသည်။ ဟွာဝေးကုမ္ပဏီအနေဖြင့် ဂူဂဲလ်ဝန်ဆောင်မှုများ ဖြတ်တောက်ခံရတော့မည့် အခြေအနေ ရောက်ရှိနေချိန်တွင် ယှဉ်ပြိုင်ဘက်ဖြစ်သည့် ဆမ်ဆောင်း အီလက်ထရွန်နစ် ကုမ္ပဏီ၏ ရှယ်ယာများမှာ မေ ၂၁ ရက်တွင် ၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ