mdn

၃၀  သြဂုတ်

 

ကင်ဆာရောဂါကို ကုသမှုတွေခံယူခဲ့ပြီး သက်သာလာပြီဖြစ်တဲ့ မင်းသား ကမ်ဝူဘင်ဟာ လတ်တလောမှာတော့ သူ့ရဲ့အခင်ဆုံး သူငယ်ချင်းတစ်ဦးဖြစ်သူ မင်းသား လီဂျွန်ဆပ်နဲ့အတူ ဟာဝိုင်အီကို အလည်အပတ်ခရီး အတူတူ ထွက်ခဲ့ကြတာဖြစ်ကြောင်း အေ့စ်ရှိုးဘစ်ဇ်ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

 

စတားနယူးစ်ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေကို ကိုးကားကာ အဆိုပါ မီဒီယာက ဖော်ပြခဲ့ရာမှာတော့ ကြယ်ပွင့်နှစ်ဦးဟာ ပြီးခဲ့တဲ့ ဩဂုတ် ၂၂ ရက်က ဟာဝိုင်အီကို ထွက်ခွာသွားခဲ့တာဖြစ်ကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။

 

ဒီသတင်းနဲ့ပတ်သက်ပြီး လတ်တလောမှာတော့ ကမ်ဝူဘင်ရဲ့ အေဂျင်စီက မင်းသားနဲ့ လီဂျွန်ဆပ်တို့အတူ ဟာဝိုင်အီကို ထွက်ခွာသွားသည်မှာ အမှန်ပင်ဖြစ်ကြောင်း၊ ကမ်ဝူဘင်ရဲ့ ကျန်းမာရေး အခြေအနေမှာလည်း အတော်သက်သာခဲ့ပြီ ဖြစ်ကြောင်းနဲ့ လက်ရှိအချိန်အထိတော့ ကမ်ဝူဘင်အတွက် ရည်ရွယ်ထားတဲ့ အနုပညာလှုပ်ရှားမှု အစီအစဉ်သစ် မရှိသေးကြောင်းလည်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။

 

လီဂျွန်ဆပ်ရဲ့ အေဂျင်စီကတော့ မင်းသားဟာ မကြာမီ ဂျပန်မှာ ပြုလုပ်သွားမယ့် ပရိသတ်တွေနဲ့ တွေ့ဆုံပွဲအတွက် ဗီဒီယိုကို ဟာဝိုင်အီမှာ သွားရောက်ရိုက်ကူးခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

 

အေးပြည့်