ဟဲဟိုး ၂ အောက်တိုဘာ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့ရှိ ဟဲဟိုးလေယာဉ်ကွင်း အဆင့်မြှင့်တင်ရေး စီမံကိန်းသည် နိုင်ငံတကာအဆင့်မီ ဆောင်ရွက်မည့်စီမံကိန်းဖြစ်ပြီး Public private partnership (ppp စနစ်) အစိုးရ-ပုဂ္ဂလိက အကျိုးတူ ပူးပေါင်းဆောင်ရွက်သောစနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဟဲဟိုး လေယာဉ်ကွင်း၏ လက်ရှိ မြေဧရိယာသည် (၅၄၉ ဒသမ ၆၁)ဧကရှိသော်လည်း အဆင့်မြှင့်တင်ရေးစီမံကိန်း ဆောင်ရွက်ရန်အတွက် မြေဧရိယာ လုံလောက်မှုမရှိသည့်အတွက် မြေဧရိယာ ဧက (၁၀၀ ဒသမ ၃၀) ထပ်မံ လိုအပ်သောကြောင့် တောင်သူများအား မြေယာလျော်ကြေးနှင့် သီးနှံလျော်ကြေးများ ပေးအပ်ခြင်းကို အောက်တိုဘာ ၂ ရက် နံနက် ၁၀ နာရီက ကလောမြို့နယ်၊ ဟဲဟိုးလေယာဉ်ကွင်း ခရီးသည်နားနေဆောင်၌ ကျင်းပသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က နိုင်ငံတကာအဆင့်မီ လေယာဉ်ကွင်း တိုးချဲ့ စီမံကိန်းအတွက် တောင်သူများ၏မြေများအား သိမ်းဆည်းဆောင်ရွက်ရာတွင် ဒေသခံတောင်သူများ နစ်နာမှုမရှိစေ ရေးအတွက် လက်ရှိမြေပြင်ဒေသပေါက်စျေးနှုန်းများအတိုင်း မြေယာလျော်ကြေးငွေကျပ်(၄၇၄ ဒသမ ၆၅)သန်းနှင့် သီးနှံလျော်ကြေး ငွေကျပ် သန်း (၁၂၁ ဒသမ ၉၀)၊ စုစုပေါင်း ငွေကျပ်(၅၉၆ ဒသမ ၅၅)သန်းအား တောင်သူများထံ ပေးအပ်ခြင်းဖြစ်ပါကြောင်း၊ ယခုကာလတွင် Covid-19 ကပ်ရောဂါ ကျရောက်နေသဖြင့် လူစုလူဝေး များများစားစား မပြုလုပ်ဘဲ သင့်လျော်သလို ခွဲဝေပေးအပ်ခြင်းများ ဆောင်ရွက်သွားမှာဖြစ်ပြီး အစိုးရအဖွဲ့အနေဖြင့် တောင်သူများကို ကိုယ်တိုင်ကိုယ်ကျ ပေးအပ်လိုသဖြင့် ယခုကဲ့သို့ လာရောက်တွေ့ဆုံ၍ အားပေးဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားသွားသည်။
ဆက်လက်၍ မြေယာလျော်ကြေးနှင့် သီးနှံလျော်ကြေးများ ပေးအပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာ အောင်သန်းမောင်၊ ပြည်နယ်ဥပဒေချုပ် ဦးတင်ဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ပြုံးကေသီနိုင်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေလင်း၊ ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန်းထိုက်တို့မှ ပေးအပ်ရာ ဝါးရုံပင် ကျေးရွာ၊ စံကားအင်းကျေးရွာ၊ သီခေါင်ကျေးရွာအုပ်စုမှ ဒေသခံတောင်သူများက လက်ခံရယူကြပြီး တောင်သူများကိုယ်စား ကလောမြို့နယ်၊ ဟဲဟိုးမြို့၊ စံကားကျေးရွာအုပ်စု တောင်သူ ဦးစိုးသူမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြား ကြောင်း သိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ကလောမြို့နယ်အတွင်းရှိ လမ်းကြောင်းနှင့် အောင်ပန်း - ပင်မှီလယ်ကြားလမ်းပေါ်ရှိ တံတားအမှတ်(၁/၅) ကုန်းနီတံတားနှင့်ပတ်သက်၍ ပြည်နယ်လမ်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးသူရဇော်မှ ရှင်းလင်းရာ ပြည်နယ်ဝန်ကြီးချုပ်မှ လိုအပ်သည်များ ဖြည့်စွက်မှာကြားကာ တံတားအား သွားရောက်ကြည့်ရှုစစ်ဆေးကြကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)