အခုတလော ဆေးခန်းမှာ ကလေး မိဘတွေ ဗျာများနေတဲ့ ရောဂါတခု ရှိပါတယ်။ ကလေး ခြေဖဝါး လက်ဖဝါးတွေမှာ အရည်ကြည်ဖုလေးတွေ စထွက်လာမယ်။ ယားမယ်။ နာမယ်။ ပါးစပ်ထဲ မှာပါပေါက်မယ်။ ကလေး ဖျားမယ်။ အီမယ်။ နို့ကောင်းကောင်းမစို့တော့ဘူး။ ကလေးပါးစပ်က သွားရည်တွေ ကျနေမယ်။ ဘာဖြစ်တာလဲ မသိဘူးဆိုပြီး အစိုးရိမ်လွန်လို့ ဆေးခန်းကို အရေးတကြီး လာပြတတ်ကြပါတယ်။
Hand foot mouth disease ဆိုတာဘာလဲ။
HFMDလို့ အတိုကောက်ခေါ်တဲ့ ရောဂါ ဆိုတာ Coxsackie virus A16 အမျိုးအစားကြောင့် ဖြစ်ပွားတတ်တဲ့ ရောဂါမျိုးဖြစ်ပါတယ်။
ဘယ်သူတွေ မှာအဖြစ်များလဲ။
HFMD ရောဂါဟာ ကျောင်းနေအရွယ်မတိုင်မီ အသက် ၁၀ နှစ်အောက် ကလေး တွေ မှာအဖြစ် များပါတယ်။ အလွယ်တကူ ကူးစက် နိုင်ပြီး တချို့ဒေသတွေမှာ ကပ်ရောဂါအသွင်ဖြစ်ပွားတတ်ပါတယ်။
ဘယ်လိုဘယ်ပုံ ကူးစက်တတ်သလဲ။
HFMD ရောဂါဟာ ကလေးငယ်တစ်ဦးမှ တစ်ဦးကို တိုက်ရိုက် ထိတွေ့ခြင်းအားဖြင့် ကူးစက်ပါတယ်။
ရောဂါဖြစ်နေတဲ့ ကလေးငယ်ရဲ့ နှာရည်၊ တံတွေး၊ မစင် နဲ့ အရည်ကြည်ဖုမှ ထွက်တဲ့ အရည်များ မှ ဆင့် ကူးစက်နိုင်ပါတယ်။
ရောဂါလက္ခဏာတွေက ဘာတွေလဲ။
ရောဂါ ကူးစက်ခံရပြီး ၃ရက်မှ ၆ရက်အတွင်း ကလေးငယ်ဟာ
• အဖျားတက်ခြင်း
• လည်ချောင်းနာခြင်း
• နုံးခွေခြင်း
• လျှာ၊ သွားဖုံးနှင့် ပါးစောင်အတွင်း နာသော အရည်ကြည်ဖုကလေးများ ထွက်ခြင်း
• လက်များ၊ ခြေထောက်များတွင် အရည်ကြည်ဖုကလေးများထွက်ခြင်း ( တခါတရံယား တတ်ပါတယ်)
• ပါးစပ်နာသဖြင့် အစားမစားနိုင်ခြင်း
• အီခြင်း အစရှိတဲ့ ရောဂါ လက္ခဏာများခံစားရပါတယ်။
အရည်ကြည်ဖုကလေးတွေဟာ တခါတလေ ကလေးငယ်ရဲ့ တင်ပါးတဝိုက်မှာပါ တွေ့ရတတ်ပါတယ်။
HFMD ရောဂါက စိုးရိမ်ရလား။
HFMD ရောဂါ ဟာ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တဲ့ ရောဂါ အများစုလို ရက်ပိုင်းအနည်းငယ်အတွင်းမှာ ပျောက်ကင်းပါတယ်။
• ကိုယ်ပူခြင်းအတွက် ကိုယ်ပူကျဆေးရည်(ဉပမာ ပါရာစီတမော) တိုက်နိုင်ပါတယ်။
• ပါးစပ်အတွင်းနာကျင်ခြင်းအတွက် ထုံဆေးဂျယ် ( lignocaine ပါဝင်သောဂျယ် ) လိမ်းပေးနိုင်ပါတယ်။
နောက်ဆက်တွဲဆိုးကျိုးတွေ ဘာတွေ ရှိလဲ။
အဖြစ်အများဆုံးသော နောက်ဆက်တွဲဆိုးကျိုးကတော့ ရေဓါတ်ဆုံးရှုံးခြင်း ( Dehydration ) ပါ။ ကလေးငယ်ဟာ ပါးစပ်နဲ့ လည်ချောင်း အတွင်းရှိ နာကျင်တဲ့အရည်ကြည်ဖုကလေးတွေ ကြောင့် အစာစားမရ၊ ရေသောက်မရ ဖြစ်ပြီး ရေဓါတ်ဆုံးရှုံးနိုင်ပါတယ်။
ဗိုင်းရပ်စ်ပိုးကြောင့် ဦးနှောက်အမြှေးရောင်ခြင်း နှင့် ဦးနှောက်ရောင်ခြင်းများဖြစ်ပွားပါက အသက်အန္တရာယ် ဆုံးရှုံးမှု ရှိနိုင်ပေမဲ့ အလွန့်အလွန်ဖြစ်ခဲပါတယ်။
ဘယ်အချိန်မှာ ဆေးရုံသွားပြမလဲ။
ကလေးအပူကြီးပြီး တက်ရင်၊ အစာလုံးဝ မဝင်တော့ရင်၊ မှိန်းလွန်းနေလျှင်၊ ကယောင်ကတမ်းပြောရင် နီးစပ်ရာဆေးရုံဆေးခန်းသို့ အမြန်ဆုံးပြသင့်ပါတယ်။
ဘယ်လိုကာကွယ်ရမလဲ။
• အကောင်းဆုံးသော ကာကွယ်ခြင်းနည်းလမ်းကတော့ လက်ဆေးခြင်းပါပဲ။ အညစ်အကြေးများ ကိုင်တွယ်ပြီးတိုင်း လက်ဆေးဖို့ လိုပါတယ်။ Hand gel ( ရေမလို လက်သန့်ဆေးရည် ) သို့မဟုတ် Hand wipes ( လက်သန့်ဆေးရည်ပါဝင်သော တစ်ရှုးအစို ) ကို သုံးပြီးလည်း လက်သန့်စင်နိုင်ပါတယ်။
• နေ့ကလေးထိန်းကျောင်းများ အနေနဲ့ ရောဂါဖြစ်ပွားနေသော ကလေးငယ်ရဲ့ Diaper များ၊ အသုံးပြု ပြီးသော တစ်ရှုးများကို စနစ်တကျ စွန့်ပစ်ရပါမယ်။
• ကလေးမိဘများ အနေဖြင့်လည်း ရောဂါပိုးကူးစက်ခံရသော ကလေးငယ်ကို ကျောင်း မလွှတ်ခြင်းဖြင့် အခြားကလေး အမြောက်အမြားထံ ကူးစက်မှုကို ကာကွယ်နိုင်ပါတယ်။
• ကလေးငယ်များကို တစ်ကိုယ်ရေသန့်ရှင်းရေး ပညာပေးခြင်းများ ပြုလုပ်သင့်ပါတယ်။
ကာကွယ်ဆေးရှိပါသလား။
HFMD ရောဂါအတွက် ကာကွယ်ဆေး မြန်မာနိုင်ငံတွင် မရှိသေးပါ။
အချုပ်ဆိုရရင် HFMD လို့ခေါ်တဲ့ ရောဂါဟာ အသက်အန္တရာယ်ရှိစေတဲ့ ရောဂါ မဟုတ်ပေမဲ့ ကလေးအမြောက်အမြားကို လွယ်လွယ်ကူကူ ကူးစက်တတ်လို့ မဖြစ်ခင်က ကြိုတင်ကာကွယ်ခြင်းဟာ အထိရောက်ဆုံး နည်းလမ်း ဖြစ်ပါတယ်။
ဒါကြောင့် တစ်ကိုယ်ရေ သန့်ရှင်းရေး ဂရုစိုက်ပြီး မကြာခဏ လက်ဆေးခြင်းအလေ့အကျင့်ကို မွေးမြူ ကြပါစို့။
ရေးသားသူ Dr. Thiha Phyo Myint – Dr. May Thazin Oo
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”