ရန်ကုန်၊  ၂၅  ဇန်နဝါရီ

အလင်းရောင်နှင့် လေဝင်လေထွက်ကောင်းမွန်ရန်စီစဉ်ထားပြီး လေယာဉ်များထားသည့်ရုံပုံသဏ္ဌာန် ဆောက် လုပ်ထားသော the HANGAR ဈေးရုံကြီးတွင် ပြင်ပ၌ရောင်းချသော ပုံမှန်ဈေးနှုန်းထက် သက်သာစွာရောင်းချ ပေးလျက်ရှိကြောင်း မြန်မာ့စားသောက်ဆိုင်နှင့် အဖျော်ယမကာ စီမံခန့်ခွဲမှုကုမ္ပဏီထံမှ သိရသည်။

ဒီ Wet Market မှာ ရောင်းတဲ့ဆိုင်တွေက ရန်ကုန်မြို့မှာရှိတဲ့ စားသောက်ဆိုင်ကြီးတွေကို  အထောက်အပံ့ လုပ်ပေးနေတဲ့သူတွေကို ဖိတ်ခေါ်ထားတဲ့အတွက် သူတို့တွေကနေ လာပြီးဖွင့်ပေးထားတာပါ။ အဲဒါကြောင့် ဒီထဲမှာရောင်းတဲ့ဆိုင်တွေက အပြင်ဈေးနှုန်းထက် သက်သာပါတယ်။ အပြင်ကလည်း စိတ်ဝင်တစားနဲ့ လာဝယ်ကြတယ်ဟု the HANGAR အထေွထွေမန်နေဂျာ ကိုသီဟအောင်က ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ် စတားစီးတီးအတွင်း ဖွင့်လှစ်ထားသော the HANGAR ဈေးရုံကြီး တွင် ၁၀ ပေ ပတ်လည် စားသောက်ဆိုင်ခန်း ၁၂ ခန်း၊ ပေခွဲပတ်လည် ဈေးဆိုင်ခန်း ၃၂ ခန်းထည့်သွင်းတည် ဆောက်ထားကြောင်း သိရသည်။ စားသောက်ဆိုင်ခန်းများတွင် မြန်မာ၊ တရုတ်၊ ထိုင်း၊ အိနိ္ဒယ၊ ဂျပန်၊ ဥရောပ အစားအစာ ရောင်းချပေးလျက်ရှိပြီး ဈေးဆိုင်ခန်းများတွင် အသား ငါး အစုံအလင်သာမက ကုန်စိမ်း၊ ကုန်ခြောက်၊ သစ်သီး၊ ဖက်ရှင်၊ ဖုန်းအပိုပစ္စည်းအရောင်းဆိုင်၊ တိရိစ္ဆာန်အစားအစာနှင့် ဆေးဝါးဆိုင်များ ဖွင့်လှစ် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

စားသောက်ဆိုင်ခန်းများကို လက်ရှိတွင် ကိုဗစ်ကာလစည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ပါဆယ်စနစ်ဖြင့် သာရောင်းချလျက်ရှိပြီး ပုံမှန်အခြေအနေဖြင့် ရောင်းချခွင့်ပြန်လည်ရရှိပါက လူအယောက် ၂၀၀ ခန့် ဆိုင်ထိုင် စားသောက်နိုင်ရန် စီစဉ်ထားရှိကြောင်း သိရသည်။

မြို့ပြအင်္ဂါရပ်နှင့်အညီ စတားစီးတီးတွင် နေထိုင်သူများအတွက် အဆင်ပြေစွာ ဝယ်ယူစားသောက်နိုင်ရေး အတွက် အဓိကရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၆ ရက်နေ့တွင် စမ်းသပ်ဖွင့်လှစ်ခဲ့ကာ ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ဈေးသစ်ဖွင့်ပွဲကိုကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှု လက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

ထင်ပေါ်ဝင်း(ကမာရွတ်) ဓာတ်ပုံ - လင်းညွန့်