H.E. Prof. Surakiart Sathirathai နှင့် သတင်းထောက်များ တွေ့ဆုံမေးမြန်းခန်း (အပိုင်း ၁)

နေပြည်တော်  ၃၀ ဇန်နဝါရီ

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်တွေအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ၏ အကြံပေး အဖွဲ့ဝင် ၁၀ ဦးပါဝင်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီကို ဦးဆောင်သော H.E. Prof. Surakiart Sathirathai က သတင်းထောက်များနှင့် ဇန်နဝါရီလ ၂၅ ရက်နေ့ နံနက်ပိုင်းက တွေ့ဆုံ ပြောကြားခဲ့သည်များကို တင်ပြလိုက်ပါသည်။

 

 

H.E. Prof. Surakiart Sathirathai က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့တွေနဲ့လည်း ကောင်းမွန်စွာ တွေ့ဆုံဆွေးနွေး ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ခရီးစဉ်ဟာ ပွင့်လင်းရိုးသားစွာ အမြင်သဘောထားတွေကို လာရောက် နားထောင်ခြင်း ဖြစ်ပါတယ်၊ မနေ့ကဆိုရင် ကျွန်တော်တို့ ရခိုင်ပြည်နယ်က ရွာတွေကို သွားရောက် လေ့လာနိုင်ခဲ့ပါတယ်၊ မီးလောင် ပြာကျပြီး တစ်စပြင်ဖြစ်နေတဲ့ ရွာတွေကို ရဟတ် ယာဉ်ပေါ်ကနေ တွေ့ မြင်ခဲ့ရပါတယ်။

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ၊ ကုန်းလမ်း၊ ရေလမ်းမှတစ်ဆင့် ရောက်ရှိလာတဲ့အခါ ပြန်လည်စိစစ် လက်ခံရေးအတွက် ပြင်ဆင်ထားရှိမှုတွေကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ တစ်ဆက်တည်းမှာပဲ စီးပွားရေးဇုန် တည်ဆောက်ဖို့ ပြင်ဆင်နေမှုတွေကိုလည်း စိတ်ဝင်တစား လေ့လာခဲ့ရပါတယ်၊ ဒါ့အပြင် ဒေသခံ ရွာသူရွာသားတွေဖြစ်ကြတဲ့ ဗုဒ္ဓဘာသာဝင်တွေ၊ အစ္စလာမ်ဘာသာဝင်တွေနဲ့ ဟိန္ဒူဘာသာဝင် တွေနဲ့ တွေ့ဆုံခွင့်ရခဲ့ပါတယ်။ သူတို့ရဲ့ လိုအပ်ချက်၊ သဘောထားအမြင်တွေကိုလည်း မေးမြန်းသိရှိခွင့်ရခဲ့ပါတယ်။

ပြန်လည်လက်ခံမယ့်သူတွေ တည်းခိုနေထိုင်ရေးအတွက် အိမ်တွေ ဆောက်လုပ်နေမှုတွေကို ကျွန်တော်တို့ ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။  ပြန်လည် လက်ခံမှုကို ဇန်နဝါရီလ ၂၃ ရက်နေ့မှာစတင်ဖို့ ဖြစ်သော်လည်း အကောင်အထည် မဖော်ဖြစ်ခဲ့ပါဘူး၊ သို့သော်လည်း လိုအပ်တဲ့ ပြင်ဆင်ဆောင်ရွက်မှုတွေ၊ အခြေချနေထိုင်မယ့် နေရာကို မရောက်မီ ခေတ္တထားရှိမယ့် လက်ခံရေးစခန်းတွေကိုလည်း တွေ့ မြင်ခဲ့ရပါတယ်။

လုံခြုံရေးထားရှိတဲ့အတွက် မည်သည့် ခြောက်လှန့်မှု အရိပ်အယောင်မှ မတွေ့ရပါ၊ ရွာသားတွေနဲ့ တွေ့ဆုံတဲ့အခါမှာလည်း ကြောက်ရွံ့ထိတ်လန့်တဲ့ အမူအရာတွေကို မတွေ့ခဲ့ရပါ။ ကျွန်တော်တို့ အကြံပေးအဖွဲ့အနေနဲ့ မည်သည့် အကြံဉာဏ် တွေကိုမှ အခုထိ မပေးရသေးပါဘူး၊ အခြေအနေကို စောင့်ကြည့်ခြင်းသာ ဖြစ်ပါတယ်။

လာမယ့်ရက်တွေ၊ လတွေမှာ ကျွန်တော်တို့ တိုင်ပင်ဆွေးနွေးကြပါမယ်။ ပြီးမှ လာမယ့် နှစ်လ၊သုံးလအတွင်း အဖွဲ့ရဲ့ ပဏာမ အကြံပြုချက်တွေ ထုတ်ပြန်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက် တွေ အပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီ အဖွဲ့အနေနဲ့ အခြားဆောင်ရွက်ရမယ့် ကိစ္စတွေ၊ ဦးစားပေးဆောင်ရွက်မယ့် လုပ်ငန်းတွေ၊ လက်ရှိလုပ်ငန်းစီမံကိန်းတွေ ရေရှည်ဖွံ့ ဖြိုးတိုးတက်ရေးအတွက် လုပ်သင့်လုပ်ထိုက်တာတွေကို အကြံပြုသွားမှာ ဖြစ်ပါတယ်။

H.E. Prof. Surakiart Sathirathai က ဆက်လက်ပြီး ကိုဖီအာနန်ကော်မရှင်ရဲ့အကြံပြုချက် ၈၈ ချက် နဲ့ပတ်သတ်ပြီး သူ့သဘောထားအမြင်ကို အခုလို ဆက်လက်ပြောပြပါတယ်။

လူမှုအသိုက်အဝန်းတွေအကြား ပြန်လည်သင့်မြတ်ရေး၊ ယုံကြည်မှု ပြန်လည်တည်ဆောက်ပေးဖို့အတွက် နည်းလမ်းတွေ ချမှတ်ဆောင်ရွက်ဖို့ လိုအပ်ပါတယ်၊ ဒါမှသာ ရေရှည်တိုးတက်မှုရှိပါမယ်၊ ကျွန်တော်တို့အနေနဲ့ ကိုဖီအာနန်ကော်မရှင်ရဲ့ အကြံပြုချက် ၈၈ ချက်ကို အကောင်အထည်ဖော်နေတဲ့ မြန်မာအစိုးရကို ချီးကျူးပါတယ်။  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း လူမှုအသိုင်းအဝိုင်းအတွင်း တရားဥပဒေစိုးမိုးရေးနဲ့ တရားမျှတမှုရှိရေးကို အလေးထားဆောင်ရွက်ခဲ့တဲ့အတွက် ဒါဟာမှန်ကန်တဲ့လုပ်ရပ်လို့ မြင်ပါတယ်၊ သူ့အနေနဲ့ နိုင်ငံတကာ အသိုက်အဝန်းတွေဆီကနေ မိမိခြေထောက်ပေါ် မိမိရပ်တည်နိုင်စေမယ့် လူမှုရေးကူညီမှုတွေ ပေးအပ်ဖို့၊ ကူညီသူတွေ ကိုယ်တိုင်လာရောက်ပြီး အလုပ်အကိုင်သင်တန်းများ ပို့ချပေးခြင်းစတဲ့ အကူအညီများကို အလေးထားပါတယ်။

ရခိုင်ပြည်နယ်ဟာ မြေဩဇာကောင်းမွန်ပြီး မြစ်ချောင်းအစရှိတဲ့ ရေအရင်းအမြစ်များစွာနဲ့အတူ စိုက်ပျိုးရေး အောင်မြင်ဖြစ်ထွန်းတဲ့ ဒေသဖြစ်တာကို ရဟတ်ယာဉ်ပေါ်ကနေ တွေ့မြင်ခဲ့ရပါတယ်၊ ခြောက်သွေ့တဲ့ ရာသီမှာ တောင်စိမ်းလန်းစိုပြည်နေတာကို တွေ့ရတဲ့အတွက် ဒေသခံတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းများစွာ ရှိပါတယ်၊ လယ်ယာအထွက်တိုးဖို့နဲ့ လယ်ယာထွက်ပစ္စည်းတွေ တန်ဖိုးမြှင့်တင်ဖို့အတွက် ဒေသခံတောင်သူတွေကို သင်တန်းပေးဖို့ လိုအပ်ပါတယ်၊

ဒါ့အပြင် ကျောက်ဖြူကိုသွားတဲ့ အခါမှာလည်း ကျွန်တော့်အနေနဲ့ အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းတွေ၊ အမျိုးသမီးတွေအတွက် အထည်ချုပ်စက်ရုံတွေမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်ဖို့ အခွင့်အလမ်း များစွာကို တွေ့မြင်နေရပါတယ်၊ ဒါ့အပြင် ကျောက်ဖြူ အထူးစီးပွားရေးဇုန်၊ အခုရောက်ရှိနေတဲ့ သံတွဲမြို့ရဲ့ ခရီးသွားလုပ်ငန်း တိုးတက်ဖို့အတွက် အရေးပါမှုစတဲ့ အခွင့်အလမ်းတွေ ရှိပါတယ်၊ အခုလို မြေပြင်အထိ ကွင်းဆင်းပြီး ပြည်သူတွေနဲ့ ထိတွေ့ပြောဆိုခွင့်ရတဲ့အတွက် ဒေသခံပြည်သူတွေရဲ့ လိုအပ်ချက်နဲ့ ဒေသခံများရဲ့ အလုပ်အကိုင် အခွင့်အလမ်းများစွာကို ကျွန်တော်တို့ သိရှိခွင့်ရခဲ့ပါတယ်၊

အချုပ်အားဖြင့် ဒီခရီးစဉ်ဟာ အကျိုးကျေးဇူးတွေများပါတယ်၊ အကြံပေးအဖွဲ့ဝင်တွေ အနေနဲ့ တိုးတက်မှုတွေနဲ့အတူ အကြမ်းဖက်မှုများရဲ့ အထောက်အထားတွေလည်း တွေ့မြင်ခဲ့ရပါတယ်။ ပြန်လည် လက်ခံမယ့်သူတွေအတွက် လုံခြုံရေးနဲ့ အစစအရာရာ ကူညီပံ့ပိုးပေးရေးအတွက် မြန်မာအစိုးရရဲ့ အားထုတ်ကြိုးပမ်းမှုတွေကို တွေ့ မြင်ကြားသိခဲ့ရပါတယ်။

ပြန်လည်လက်ခံဖို့ အချိန်ယူဆောင်ရွက်

ကြိုတင်ပြင်ဆင်မှု အဆင့်ဆင့် ဆောင်ရွက်နေမှုတွေကိုလည်း တွေ့မြင်ခဲ့ရပါတယ်၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာ သွားသူတွေ ပြန်လည်လက်ခံဖို့အတွက် ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေဟာ အချိန်ယူဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်၊ နိုင်ငံတကာ အသိုက်အဝန်းများ အနေနဲ့ဒေသတွင်း အခြေအနေ ကန့်သတ်ချက်များကို နားလည်သိရှိပြီး မြန်မာအစိုးရနဲ့ ဒေသခံလူမှု အသိုက်အဝန်းတို့နဲ့ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှု၊ ဆွေးနွေးညှိနှိုင်းမှုတွေဖြင့် ကူညီပေးနိုင်ကြပါတယ်။

အလားတူပဲ အားလုံးပါဝင်မှုမရှိရင် နိုင်ငံတကာ အသိုက်အဝန်း အနေနဲ့ စွမ်းဆောင်နိုင်မှာ မဟုတ်ပါဘူး၊ ဒါကတော့ ကျွန်တော့်ရဲ့ ဒီခရီးစဉ်ပေါ် အမြင်သဘောထားပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အကြံပေးအဖွဲ့ အနေနဲ့ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပြီးမှသာ ကျွန်တော်တို့ရဲ့တူညီတဲ့ သဘောထား တစ်ရပ်ကို ထုတ်ပြန်မှာဖြစ်ပါတယ်။

ကျွန်တော်တို့ အကြံပေးအဖွဲ့ရဲ့ လုပ်ပိုင်ခွင့်အာဏာအတိုင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ဦးဆောင်တဲ့ အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီကို အကြံဉာဏ်တွေပေး သွားမှာ ဖြစ်ပါတယ်၊ နှစ်လ၊ သုံးလအကြာမှာ အကြံဉာဏ်များ ပေးအပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။