H.E. Prof. Surakiart Sathirathai နှင့် သတင်းထောက်များ တွေ့ဆုံမေးမြန်းခန်း (အပိုင်း ၂)

နေပြည်တော်  ၃၀ ဇန်နဝါရီ

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်တွေအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ၏ အကြံပေး အဖွဲ့ဝင် ၁၀ ဦးပါဝင်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီကို ဦးဆောင်သော H.E. Prof. Surakiart Sathirathai က သတင်းထောက်များနှင့် ဇန်နဝါရီလ ၂၅ ရက်နေ့ နံနက်ပိုင်းက တွေ့ဆုံ ပြောကြားခဲ့သည်များကို တင်ပြလိုက်ပါသည်။

 

မိမိသဘောဆန္ဒအတိုင်း ပြန်လာဖို့လို

လုံခြုံရေးနဲ့ သင့်တင့်တဲ့ နေရာထိုင်ခင်းကတော့ နယ်စပ်ဖြတ်ပြီး ပြန်ရောက်တဲ့အခါအဓိကလိုအပ်မှာ ဖြစ်ပါတယ်၊ မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုလည်း လိုအပ်ပါတယ်။ ပြန်လာမယ့်သူတွေဟာ မည်သူတစ်ဦးတစ်ယောက်ရဲ့ ဖိအားပေးမှုကြောင့် မဟုတ်ဘဲ မိမိသဘောဆန္ဒအတိုင်းပြန်လာဖို့ လိုပါတယ်။ ပြန်လာချင်သူတွေပြန်လာဖို့ နှစ်နိုင်ငံပူးပေါင်းပြီးလုပ်ဆောင်ကြ လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

မနေ့က ခရီးစဉ်မှာ မြန်မာသတင်းသမားတွေနဲ့အတူ တရုတ်၊ ဂျပန်နှင့် ရုရှား အစရှိတဲ့နိုင်ငံတကာသတင်းအဖွဲ့တွေ လိုက်ပါလာခဲ့ပါတယ်။ မိမိအနေနဲ့ နိုင်ငံတော်သတင်းရယူခွင့်ပေးဖို့ ဆက်လက်ပြီး တိုက်တွန်းလိုပါတယ်၊ အဖွဲ့ဝင် ၂၀ ကျော် ပါဝင်ပြီး မြေပြင်အခြေအနေကို မျက်ဝါးထင်ထင် တွေ့ မြင်ခဲ့ကြပါတယ်၊ ဒါဟာ ကောင်းမွန်တဲ့ ခြေလှမ်းတစ်ရပ် ဖြစ်ပါတယ်။

မေးခွန်းတွေ မေးစရာမရှိရင်တော့ အားလုံးသိပြီးသားဖြစ်မှာပါ၊ အကြံပေး အဖွဲ့ဝင်တစ်ဦးဖြစ်သူ Governor Bill Richardson ဟာ ကျွန်တော်တို့ရဲ့ အကြံပေးအဖွဲ့မှာ မပါဝင်တော့ပါဘူး၊ ကျွန်တော်တို့ရဲ့ ခရီးစဉ်ဟာ ရိုးသားပွင့်လင်းမှု ရှိပါတယ်၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ရေး ကော်မတီရဲ့ ပြင်ဆင်လုပ်ကိုင်နေမှုတွေကို အကြံပေးအဖွဲ့အနေနဲ့ အထောက်အကူပြုမယ့် အကြံဉာဏ်တွေကိုသာ ထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း အစိုးရနဲ့ တာဝန်ရှိသူတွေရဲ့ အသံတွေ၊ ဒေသခံ ရွာသူရွာသားတွေ၊ ပါဝင်ပတ်သက်နေသူတွေအားလုံး တက်တက်ကြွကြွပူးပေါင်းဆောင်ရွက်မှု၊ ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆန္ဒသဘောထားတွေကို နားထောင်ပေးဖို့ ဖြစ်ပါတယ်။၊ ရိုက်တာသတင်းဌာနမှ သတင်းထောက်များ လွှတ်ပေးရေးကိစ္စကို အကြံပေးအဖွဲ့နဲ့ ဆွေးနွေးတိုင်ပင်ခြင်းမပြုဘဲ Governor Bill Richardson က သူ့ရဲ့ ကြိုတင်တွေးဆချက် သဘောထားအတိုင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ဆွေးနွေးခဲ့ပါတယ်။

ဒါဟာ အကြံပေးအဖွဲ့ကို အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်အာဏာကို ကျော်လွန်သွားခြင်း ဖြစ်ပါတယ်၊ အကြံပေးအဖွဲ့ အစည်းအဝေး သုံးကြိမ်ကျင်းပခဲ့ပြီး အဲ့ဒီကာလတွေမှာလည်း တင်ပြဆွေးနွေးခြင်း မပြုခဲ့ပါ၊ ကျွန်တော့် အမြင်ပြောရရင် အစောပိုင်းကာလ ဖမ်းဆီးခံရစဉ် အတောအတွင်း ကျွန်တော်တို့အနေနဲ့ အကယ်၍ မီဒီယာသမားတွေရဲ့ သတင်းရယူခွင့်အတွက် အရေးကြီးတယ်လို့ ယူဆရင် တစ်စုံတစ်ရာဆောင်ရွက်ပေးနိုင်ပါတယ်။

ဥပဒေအတိုင်းဆောင်ရွက်သွားဖို့ အလေးထား

သို့သော်လည်း အမှုဖွင့် တရားစွဲဆိုတဲ့အဆင့်ကို ရောက်ရှိနေပါပြီ၊ လူတိုင်းတရားဥပဒေစိုးမိုးရေးကို လေးစားရပါမယ်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း မည်သူ့ကိုမဆိုဥပဒေအတိုင်း ဆောင်ရွက်သွားဖို့ အလေးထားပါတယ်၊ မိမိတို့ အကြံပေးအဖွဲ့အနေနဲ့ မည်သည့်အစိုးရကိုမျှ ဖိအားပေးခြင်း၊ ဝင်ရောက်စွက်ဖက်ခြင်း ပြုလုပ်သွားမှာ မဟုတ်ပါဘူး၊ ပြစ်မှုဆိုင်ရာတရား ဥပဒေကျင့်ထုံးနဲ့ ပတ်သက်လို့ ကျွန်တော်တို့ တတ်နိုင်တဲ့ဘက်ကနေ ဆောင်ရွက်ခဲ့ပါတယ်၊ ကျွန်တော့်သဘောဆန္ဒအတိုင်း လုပ်ဆောင်ခဲ့ပါတယ်၊ ဒီကိစ္စနဲ့ပတ်သက်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသောင်းထွန်းနဲ့ ဆွေးနွေးခဲ့ပါတယ်။

ရိုက်တာသတင်းထောက်တွေ ကိစ္စနဲ့ပတ်သက်ပြီး ဥပဒေဘောင်အတွင်းမှ ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက အာမခံပြောကြားခဲ့ပါတယ်၊ လျော်ကန်တဲ့ ပြစ်မှုဆိုင်ရာ တရားကျင့်ထုံးအတိုင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်၊ သို့သော် မည်သူတစ်ဦးတစ်ယောက်ကိုမှ လွှတ်ပေးဖို့အတွက် အစိုးရအပေါ် ဖိအားပေးတဲ့သဘော တရားရုံးကျင့်ထုံးကို စွက်ဖက်လိုတဲ့သဘောထား မရှိပါ၊ ကျွန်တော်တို့အနေနဲ့ မည်သည့်နိုင်ငံမဆို အထူးသဖြင့်အိမ်ရှင်နိုင်ငံရဲ့ တရားရုံးကျင့်ထုံး၊ ဥပဒေဘောင်အတွင်းမှ ဆောင်ရွက်မှုတို့ကို အလေးထားပါတယ်။

ဒါ့ကြောင့် Governor Bill Richardson က နိုင်ငံတကာမီဒီယာတွေကို ပြောကြားခဲ့သလို အကြံပေးအဖွဲ့ဟာ မြန်မာအစိုးရကို ဖုံးဖိပေးနေတယ်၊ ကာကွယ်ပေးနေတယ်ဆိုတာမမှန်ကန်ပါကြောင်းကို တက်ရောက်လာကြတဲ့ သတင်းသမားတွေကို အသိပေးပြောကြားလိုပါတယ်။

လွတ်လပ်ပြီး ဘက်လိုက်မှုကင်း

ကျွန်တော်တို့အနေနဲ့ မြန်မာအစိုးရကိုဦးဆောင်လိုတဲ့ ဆန္ဒမရှိသလို နိုင်ငံတကာအသိုက်အဝန်းကိုလည်း ဦးစီးဦးဆောင်ဖို့သဘောထားမရှိပါ။ အလားတူ ကျွန်တော်တို့ကမြန်မာအစိုးရရဲ့ အာဘော်မဟုတ်သလို နိုင်ငံတကာ အသိုက်အဝန်းရဲ့ အာဘော်လည်းမဟုတ်ပါဘူး၊ လွတ်လပ်ပြီး ဘက်လိုက်မှု ကင်းပါတယ်၊ သိက္ခာသမာဓိရှိတဲ့ နိုင်ငံတကာနဲ့ မြန်မာနိုင်ငံမှ အကြံပေးပညာရှင်ကြီးတွေ ပါဝင်တဲ့အဖွဲ့ဖြစ်ပါတယ်၊ ငြိမ်းချမ်းရေးနဲ့ ဖွံ့ ဖြိုးတိုးတက်ရေးကဏ္ဍတွေမှာ နှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့ကြတဲ့အတွက် လူမှုရေးစွမ်းဆောင်နိုင်မှု၊ယုံကြည်ကိုးစားထိုက်မှု ရှိကြသူများ ဖြစ်ပါတယ်။

ဒါ့ကြောင့် မြန်မာအစိုးရကို ဖုံးဖိပေးနေတယ်ဆိုတဲ့ ပြောကြားမှုဟာ မမှန်ကန်ပါဘူး၊ကျွန်တော်တို့အဖွဲ့အနေနဲ့ အကြံဉာဏ်တွေ မပေးရသေးပါဘူး၊ အစည်းအဝေး သုံးကြိမ် ကျင်းပခဲ့ပါတယ်၊ အကြောင်းအရာများစွာ ဆွေးနွေးခဲ့ပါတယ်၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီနဲ့ လည်းကောင်း၊ ဒုတိယ သမ္မတဦးမြင့်ဆွေနဲ့ လည်းကောင်း၊ အစိုးရမဟုတ်တအဖွဲ့အစည်းများ၊ ရွာသူရွာသားများ၊ သက်ဆိုင်ရာအားလုံးနဲ့ လည်းကောင်း တွေ့ဆုံခဲ့ပြီးနားထောင်ပေးခဲ့ပါတယ်။

ဒီနေ့လည်း ၂၅-၁-၂၀၁၈ ရက်နေ့မှာ ကျွန်တော်တို့အဖွဲ့ဝင်များ အစည်းအဝေး ကျင်းပပါမယ်၊ နှစ်လ၊ သုံးလအတွင်း ပဏာမအကြံပြုချက်များ ထုတ်ပြန်ပေးမှာ ဖြစ်ပါတယ။၊ တစ်ချိန်တည်းမှာပဲ အကောင်အထည်ဖော်ဆောင်ရေးကော်မတီကို အကြံဉာဏ်များပေးသွားမှာ ဖြစ်ပါတယ်၊ ဒါ့ကြောင့် ကျွန်တော်တို့အနေနဲ့ တစ်ဦးတစ်ယောက်ကိုမှ ထောက်ပြဝေဖန်ခြင်း မရှိသလို ဖုံးဖိပေးခြင်းလည်း မရှိပါ။

ဒီခရီးစဉ်မှာ ဆောင်ရွက်ပြီးစီးမှုတွေကိုမေးမြန်းခြင်း၊ နားထောင်ခြင်း၊ သဘောထားအမြင်တွေ ဖလှယ်ခြင်းကို ဆောင်ရွက်ခဲ့ပါတယ်၊ဒီခရီးစဉ်ဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး ဇန်နဝါရီလ ၂၂ ရက်နေ့မှာ ရောက်ရှိခဲ့ပြီး ဒီကနေ့ တတိယမြောက်နေ့ ဖြစ်ပါတယ်၊ ကျွန်တော်တို့အများကြီးလေ့လာသိရှိခဲ့ရပါတယ်၊ ကျွန်တော်တို့ရဲ့ကျွမ်းကျင်မှု အတွေ့အကြုံတွေကို အခြေခံပြီးအကောင်အထည်ဖော်ဆောင်ရေး ကော်မတီအတွက် အထောက်အကူပြုမည့် အကြံဉာဏ်တွေကို ဆက်လက်ပေးသွားမှာ ဖြစ်ပါတယ်။

အားလုံးပါဝင်ဖို့လိုအပ်

ရခိုင်ပြည်နယ်အစိုးရက ပြန်လည်လက်ခံမယ့်သူတွေအပေါ် ကျွန်တော့်အမြင် ပြောရရင်တော့ ရခိုင်ပြည်နယ်အစိုးရရဲ့ ပါဝင်မှု ပိုမိုလိုအပ်ပါတယ်၊ ငြိမ်းချမ်းရေးနဲ့ ဖွံ့ ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်အတွက် အားလုံးပါဝင်ဖို့လိုအပ်ပါတယ်၊ ရခိုင်ပြည်နယ်အစိုးရသာမကလွှတ်တော်တွေ ပါဝင်ပူးပေါင်း ညှိနှိုင်းဆောင်ရွက်သင့်ပါတယ်၊ ဆွေးနွေးညှိနှိုင်းမှုဟာ အဆင့်တိုင်းပါဝင်ရပါမယ်၊ ပြည်သူလူထု၊ လွှတ်တော်၊အစိုးရတို့အပြင် ပြည်ထောင်စုအစိုးရနဲ့လွှတ်တော်တွေ ပါဝင်သင့်ပါတယ်။

ကိုဖီအာနန်ကော်မရှင်ရဲ့ ၈၈ ချက်သောအကြံပေးချက်တွေကို အကောင်အထည်ဖော်ဖို့တစ်လမ်းသွားပုံစံ၊ အောက်ခြေမှ အပေါ်၊ အပေါ်မှအောက် ခြေပုံစံတွေဖြင့် ဆောင်ရွက်ဖို့ မလွယ်ကူပါဘူး၊ လူထု၊ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ပြည်နယ် အစိုးရ၊ ပြည်ထောင်စုအစိုးရ အသီးသီးတို့အကြား အမြဲတမ်းညှိနှိုင်းတိုင်ပင်ကာ အဆင့်ဆင့် ဆောင်ရွက်သွားဖို့ လိုအပ်ပါတယ်၊ နိုင်ငံတကာ အသိုက်အဝန်းကလည်း ပါဝင်နိုင်ပါတယ်၊သို့မှသာ ငြိမ်းချမ်းရေး၊ ဖွံ့ ဖြိုးတိုးတက်ရေး၊ညီညွတ်ရေးတို့ ရေရှည်တည်တံ့မှာ ဖြစ်ပါတယ်။

ကျွန်တော့်အမြင်ကတော့ အဓိကအလိုအပ်ဆုံးကတော့ လုံခြုံရေးပံ့ပိုးပေးဖို့ လိုအပ်ပါတယ်၊သွားရောက်ခဲ့တဲ့ ရွာတွေအနက် အနည်းဆုံးလေး၊ ငါးရွာမှာ လုံခြုံရေးချပေးထားတာ တွေ့ရပါတယ်၊ ဒါ့အပြင် ပြန်လည်ရောက်ရှိလာမယ့်သူတွေ ၎င်းတို့ရဲ့ရွာကို ပြန်လည်နေရာချထားနိုင်မှုမရှိနိုင်သေးတဲ့ အချိန်မှာ ယာယီစခန်းမှာသင့်တင့်တဲ့ နေရာထိုင်ခင်း၊ လုံလောက်တဲ့ အစားအသောက်နဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ပံ့ပိုးပေးဖို့ လိုအပ်ပါတယ်၊ကျွန်တော်ပြောဖို့ မေ့သွားတယ်၊ မနေ့ကကျွန်တော်တို့ ယာယီလက်ခံရေးစခန်းတွေကိုသွားရောက်ခဲ့ပါတယ်၊ မီးဖိုချောင်၊ အစားအသောက်၊လျှပ်စစ်မီး၊ ကျန်းမာရေးစောင့်ရှောက်ရေး အစရှိတဲ့ပြင်ဆင်ထားရှိမှု၊ အစိုးရက ပံ့ပိုး ပေးထားတဲ့ဆန်နဲ့ အစားအသောက်တွေ သိုလှောင်ထားရှိမှု၊သယ်ယူပို့ဆောင်ရေး စတာတွေကို ကြည့်ရှုစစ်ဆေးခဲ့ပါတယ်၊ ဒီလိုမျိုး မီဒီယာတွေ လာရောက်နိုင်အောင် မြန်မာအစိုးရအနေနဲ့ ဆက်လက်ကူညီပံ့ပိုးဖို့ မေတ္တာရပ်ခံလိုပါတယ်။