၆ နိုဝင်ဘာ
ဂျပန်နိုင်ငံမြောက်ပိုင်း ဟော့ကိုင်းဒိုးစီရင်စုတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုသတိပေးချက် အဆင့်-၃ သို့ တနင်္ဂနွေနေ့တွင် တိုးမြှင့်ရန် စဉ်းစားနေကြောင်း အင်န်အိတ်ချ်ကေသတင်းဌာနက ဖော်ပြထားသည်။
အဆိုပါ အဆင့်တိုးမြှင့်မှုအစီအစဉ်ကို ဟော့ကိုင်းဒိုးစီရင်စုက စနေနေ့တွင် ချမှတ်မည်ဟု မျှော်လင့်ရသည်။
အောက်တိုဘာ ၂၈ ရက်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်မှု အဆင့်-၂ သတိပေးချက်ကို ထုတ်ပြန်ခဲ့သည်။
တနင်္ဂနွေနေ့မှစပြီး နောက်ထပ်သီတင်းပတ်သုံးပတ်ကြာခန့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကြိုတင်ကာကွယ်ရေးအစီအမံများ တိုးမြှင့်လုပ်ဆောင်ရန် စီစဉ်နေသည်။
နေထိုင်မကောင်းဖြစ်ပါက အပြင်သို့ထွက်ခြင်းကို ရှောင်ကြဉ်ကြရန် ဒေသခံများအား ပြောကြားထားသည်။
ထိုစီရင်စုက ဘားဆိုင်များနှင့် နိုက်ကလပ်များကို ည ၁၀ နာရီတွင် ပိတ်ရန် စီစဉ်ထားသည်။
ကာရာအိုကေဆိုင်များနှင့် စားသောက်ဆိုင်များအား ည ၁၀ နာရီအချိန်တွင် အရက်ရောင်းချခြင်း မပြုရန် ပြောကြားမည် ဖြစ်သည်။
ဟော့ကိုင်းဒိုးအုပ်ချုပ်ရေးမှူး ဆူဇူကီ နိုမီချီနှင့် ဆပ်ပိုရို မြို့တော်ဝန် အာကီမိုတို ကတ်ဆူဟီရိုတို့သည် ပူးတွဲသတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ပြည်သူလူထု၏ပူးပေါင်းပါဝင်မှုကို တောင်းဆိုမည် ဖြစ်သည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို