၂၀ ဩဂုတ်

ဟော်မုတ်ရေလက်ကြား လုံခြုံရေး ခိုင်မာလာစေရန်အတွက် အမေရိကန်ပြည်ထောင်စုမှ အဆိုတင်သွင်းသော နိုင်ငံတကာမဟာမိတ်အဖွဲ့တွင် ပူးပေါင်းပါဝင်မည်ဖြစ်ကြောင်း ဘာရိန်းနိုင်ငံက ပြောခဲ့သည်။

ဘာရိန်းနိုင်ငံရှိ မြို့တော် မနာမားသို့ အမေရိကန်ဗဟိုစစ်ဌာနချုပ်မှ တပ်မှူး အလည်ရောက်ရှိချိန်တွင် နိုင်ငံတကာမဟာမိတ်အဖွဲ့တွင် ပါဝင်မည်ဖြစ်ကြောင်း ဘာရိန်းဘုရင်က တနင်္လာနေ့တွင် အတည်ပြု ပြောကြားခဲ့သည်ဟု ဘာရိန်းနိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။ 

ယင်းအဖွဲ့သို့ ဝင်ရောက်ရန် ယူနိုက်တက်ကင်းဒန်မှ ကြေညာပြီးနောက်တွင် ဘာရိန်းနိုင်ငံ က ဒုတိယမြောက် ပါဝင်ခဲ့သည့် နိုင်ငံဖြစ်သည်။ ပါရှန်ပင်လယ်ကွေ့ကို စောင့်ကြပ်နေသည့် အမေရိကန် ပြည်ထောင်စု၏ ငါးခုမြောက်ရေတပ်အစုသည် ဘာရိန်းတွင် အခြေစိုက်ထားသောကြောင့် မဟာမိတ်အဖွဲ့တွင် ဘာရိန်းသည် အရေးကြီးဆုံး အခြေစိုက်ဖြစ်သည်ဟု စောင့်ကြည့်လေ့လာသူများက သုံးသပ်ကြသည်။ ထို့အပြင် ဘာရိန်းတွင် ဗြိတိန်တော်ဝင်ရေတပ်၏ ထောက်ပံ့ရေး အခြေစိုက်စခန်း တစ်ခုလည်း ရှိသည်။ 

ဒေသတွင်း တင်းမာမှုများအရှိန်ကို လျှော့ချရန်၊ ရေကြောင်းသွားလာမှု လုံခြုံရေးကို တိုးမြှင့်ရန်နှင့် လွတ်လပ်စွာသွားလာမောင်းနှင်မှုကို ထိန်းသိမ်းရန်အတွက် ဘာရိန်းဘုရင်၏ တက်ကြွစွာပါဝင်မှုကို အသိအမှတ်ပြုကြောင်း အမေရိကန်ဗဟိုစစ်ဌာနချုပ်မှ ယမန်နေ့က ကြေညာချက်ထုတ်ပြန်ခဲ့သည်။

နိုင်ငံတကာရေကြောင်းကို ဖြတ်ကျော်၍ လွတ်လပ်သော ကုန်စည်စီးဆင်းမှုသည် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး၏ အချက်အချာကျသော အစိတ်အပိုင်းဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ထည့်သွင်း ပြောကြားထားသည်။ ထို့အပြင် လွတ်လပ်သောကုန်စည်စီးဆင်းမှုအပေါ် ခြိမ်းခြောက်မှုသည် နိုင်ငံတကာ အဖြေရှာရမည့် နိုင်ငံတကာ နှင့်သက်ဆိုင်သည့် ပြဿနာတစ်ခုဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။ 

အီရန်နှင့် ဆက်ဆံရေးတင်းမာမှုများ မြင့်တက်လာမှုကြောင့် အမေရိကန်အစိုးရသည် ရေကြောင်း သွားလာခွင့် လွတ်လပ်မှုကို လုံခြုံမှုရရှိရန် နိုင်ငံတကာနှင့် လက်တွဲရန် မေတ္တာရပ်ခံထားကြောင်းလည်း သိရသည်။
 
ဆော်ဒီအာရေဗျနှင့် ရင်ပေါင်တန်းအမီလိုက်နေသော ဘာရိန်းသည် အပြုသဘောမဆောင်သော သံတမန်မူဝါဒများနှင့် အီရန်ကို ဉီးတည်နေသည်။

သို့သော်လည်း ပင်လယ်ကွေ့ဒေသရှိ အခြားသောနိုင်ငံများသည် အမေရိကန်နှင့် အီရန်ကြား တင်းမားမှုများ အရှိန်မြင့်လာမည်ကို မလိုလားသည့်အတွက် သတိထားနေကြသည်။ ထို့ကြောင့် အမေရိကန်ခေါင်းဆောင်သော မဟာမိတ်အဖွဲ့တွင် အခြားသောနိုင်ငံများ ထပ်မံပါဝင်လာခြင်းရှိ၊ မရှိဆိုသည်မှာ မရေမရာ အခြေအနြေဖစ်နေကြောင်း အန်အိတ်ချ်ကေ သတင်းတစ်ရပ်အရ သိရသည်။

ကိုးကား- အန်အိတ်ချ်ကေ
ဘာသာပြန်- စုရည်