၂၄  အောက်တိုဘာ

 

ဟောင်ကောင် Amata Group မှ  Development and Operation of Smart and Eco City and Related Businesses ကဏ္ဍတွင် အမေရိကန်ဒေါ်လာ သန်း ၂၇၀ ကျော် ရင်းနှီးမြှုပ်နှံခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန(DICA)မှ  ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင် က ပြောသည်။

 

အဆိုပါ ဟောင်ကောင်မှ  Amata Group ဖြစ်သည့် Yangon Amata Smart and Eco City Ltd မှ Development and Operation of Smart and Eco City and Related Businesses ကဏ္ဍကို  ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် အရှေ့ပိုင်းနှင့် တောင်ပိုင်းမြို့နယ် လေးထောင့်ကန်အနီးရှိ မြေဧရိယာ ၂၀ဝ၀ ဧကတွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုအားဖြင့် အမေရိကန်ဒေါ်လာသန်း ၂၇၄ ဒဿမ ၆၈၀ ကို ရင်းနှီးမြှုပ်နှံထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(DICA)၏ စာရင်းများအရ သိရသည်။

 

"Amata ကုမ္ပဏီဟာ ယာဉ်နဲ့ပတ်သက်တဲ့ လုပ်ငန်းတွေ၊ စက်မှုလုပ်ငန်းတွေမှာ ထင်ရှားပါတယ်၊နောက်တစ်ခါ Vocational Training  ပေးတာလည်း ကျော်ဇောပါတယ်၊ အခု ကျွန်တော်တို့မြန်မာပြည်မှာ လုပ်မယ့် ပရောဂျက်မှာလည်း Vocational Training Center တွေ ပါမှာဖြစ်ပါတယ်၊ မြန်မာနိုင်ငံရဲ့ အားနည်းနေတဲ့ Skilled Labour Sector မှာ တိုးတက်လာမယ့်အခွင့်အရေးလည်း ရှိမယ်လို့ ကျွန်တော်တို့ သုံးသပ်ပါတယ်"ဟု ဦးသန့်စင်လွင် က ပြောသည်။

 

ထိုသို့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းကြီးများ ဝင်ရောက်လာသောကြောင့် လက်ရှိ ဘဏ္ဍာနှစ်စတွင် တာထွက်ကောင်းကြောင်း၊ ယင်းသို့ တာထွက်ကောင်းရခြင်းမှာ ပထမချက်အနေဖြင့်  ရင်းနှီးမြှုပ်နှံမှု ပမာဏကြီးသည့် လုပ်ငန်းများ ဝင်ရောက်ထားခြင်း၊ ဒုတိယအချက်အနေဖြင့် Amata ၏ ပရောဂျက်သည် မြန်မာပြည်သို့ ရောက်ရှိလာခြင်းမှာ တစ်နှစ်ခွဲရှိသော်လည်း အထောက်အထား၊ မြေနေရာ၊ သဘာဝပတ်ဝန်းကျင် အခြေအနေ၊ လမ်း ရေ Wastewater Treatment စသည့်စနစ်များ ပြည့်စုံခိုင်လုံမှု ရှိ/မရှိ ဘက်ပေါင်းစုံမှ စိစစ်နေသောကြောင့်ဖြစ်ပြီး တတိယအချက်အနေဖြင့် မြန်မာပြည်သို့ အရှေ့တောင်အာရှနိုင်ငံများက လေဘာခသက်သာခြင်း၊ နိုင်ငံ၏ အလားအလာကောင်းများ ရှိခြင်းတို့ကြောင့် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများကို ရွေ့ရန်  အစီအစဉ်ဆွဲနေခြင်းတို့ဖြစ်ကြောင်း သိရသည်။

 

ထို့ပြင် မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏကြီးမားသည့် လုပ်ငန်းများ ဆက်လက်ဝင်ရောက်ရန် အလားအလာရှိကြောင်း ၎င်းက ဆက်ပြောသည်။ "ဒီနှစ်ထဲ ပမာဏကြီးတဲ့ လုပ်ငန်းတွေ ဆက်ပြီး ဝင်ဖို့အလားအလာ ရှိပါတယ်၊ အဆင်သင့်ရှိတယ်၊ ဒါပေမယ့် ခုနကျွန်တော်ပြောတဲ့ အဆင့်ဆင့်ကို စိစစ်နေတာ၊ ကျွန်တော်တို့ Responsible Business ကို တော်တော်လေး ဂရုစိုက်ပြီးကြည့်နေလို့ပါ"ဟု  ဦးသန့်စင်လွင် က ပြောသည်။

 

အဆိုပါ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းကြီးများ ဆက်လက်ဝင်ရောက်ရန် အလားအလာရှိသည့် လုပ်ငန်းများမှာ Oil and Gas၊ လယ်ယာကဏ္ဍ၊ သတ္တုကဏ္ဍ၊ စက်မှုဇုန်ကဏ္ဍနှင့် Industrial Estate ခေါင်းစဉ်ဖြင့် လုပ်ငန်းမျိုးစုံပါဝင်ကြောင်း သိရသည်။

 

Nyein Nyein