၁၇ ဇွန်
ဟောင်ကောင်တရားခံလွှဲပြောင်းရေး ဥပဒေမူကြမ်းပြင်ဆင်ခြင်းကို ကန့်ကွက်သည့် ဆန္ဒပြပွဲတွင် ယမန်နေ့က လူဦးရေ နှစ်သန်းနီးပါး ပါဝင်ဆန္ဒပြခဲ့ရာ အရေအတွက်အားဖြင့် စံချိန်တင်မြင့်တက်ခဲ့ကြောင်း ထိုဆန္ဒပြပွဲစီစဉ်သူများက ဆိုသည်။
အဆိုပါ ဥပဒေမူကြမ်းသည် ဟောင်ကောင်တွင် နေထိုင်သူများကို တရုတ်နိုင်ငံပြည်မကြီးသို့ တရားခံလွှဲပြောင်းပို့ပြီး တရားစီရင်ခွင့်ပြုလာနိုင်သည်ဟု သိရသည်။
ယမန်နေ့ထိ ဆန္ဒပြသူများစုဝေးဆန္ဒပြခဲ့ကြပြီး ယင်းနေ့နှောင်းပိုင်းတွင် ဟောင်ကောင်အုပ်ချုပ်ရေးမှူး Carrie Lam က ဟောင်ကောင်တွင် နေထိုင်သူများကို တောင်းပန်သည့် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ ထိုထုတ်ပြန်ချက်တွင် ယင်းဥပဒေမူကြမ်း၏ ဟာကွက်များသည် ပြည်သူများအကြား စိတ်မကောင်းဖွယ် ဖြစ်ရပ်နှင့် စိတ်အနှောင့်အယှက်ဖြစ်စေခဲ့ပြီး အငြင်းပွားမှုများ ၊ သဘောထားကွဲလွဲမှုများကို ဦးတည်မှု ဖြစ်စေခဲ့ကြောင်း Carrie Lam က ဝန်ခံပြောကြားခဲ့သည်။
၎င်းဥပဒေမူကြမ်းကို ဆန့်ကျင်သော လူထုဆန္ဒပြပွဲများဆက်တိုက်လုပ်ဆောင်ရာတွင် လူအများအပြားဒဏ်ရာရရှိခဲ့ပြီးနောက် ဟောင်ကောင်အစိုးရက ယင်းဥပဒေကို ဆိုင်းငံ့ရန် ယမန်နေ့က ဆုံးဖြတ်ချက်ချခဲ့သည်။
သို့ရာတွင် ဒီမိုကရေစီလိုလားသူများက ထိုဥပဒေ လုံးဝရုပ်သိမ်းပေးဖို့တောင်းဆိုခဲ့ကြပြီး ယမန်နေ့ဆန္ဒပြပွဲတွင် ပါဝင်သူများကို မေတ္တာရပ်ခံပန်ကြားခဲ့ကြသည်။
တနင်္ဂနွေနေ့ တစ်ညလုံး ဟောင်ကောင် အချက်အချာကျသည့် အရေးပါသောလမ်းများတွင် ဆန္ဒပြသမားများ ပြည့်ကျပ်နေခဲ့ကြကြောင်းနှင့် ပြီးခဲ့သည့် တနင်္ဂနွေနေ့က ဆန္ဒပြပွဲပါဝင်သူ အရေအတွက်နှစ်ဆ ရှိခဲ့ကြောင်း ဆန္ဒပြပွဲစီစဉ်သူများက ဆိုသည်။
ယင်းဆန္ဒပြပွဲသည် ဟောင်ကောင်စုစုပေါင်း လူဦးရေ ခုနစ် ဒသမ ငါးသန်း၏ ၂၅ ရာခိုင်နှုန်းထက်ပိုမိုများပြားကာ စံချိန်တင်ခဲ့သည်။
ကိုးကား - အန်အိတ်ချ်ကေ
ဘာသာပြန် - မြင့်မြင့်ချို