ဟောင်ကောင် ၂၆ စက်တင်ဘာ

ဟောင်ကောင်အုပ်ချုပ်ရေးအဖွဲ့အကြီးအကဲ ကာရီလမ်က လက်ရှိဖြစ်ပေါ်လျက်ရှိသည့် နိုင်ငံရေးပဋိပက္ခကို အဆုံးသတ်စေရန် ပထမဆုံးအကြိမ် ပြည်သူများနှင့်တွေ့ဆုံကာ ရလဒ်ကောင်းများ ထွက်ပေါ်ရန် ကြိုးပမ်းခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၂၆ ရက် ည ၇ နာရီတွင် အဆိုပါ တွေ့ဆုံပွဲကို ဟောင်ကောင်အလယ်ပိုင်းရှိ မိုးလုံလေလုံ အားကစားရုံတစ်ခု၌ ကျင်းပခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ တက်ရောက်ရန် လျှောက်ထား သူ ၂၀ဝဝဝ ကျော်အနက် ပြည်သူ ၁၅၀ ခန့်ကို ကျပန်း ရွေးချယ်ခဲ့သည်။

လွန်ခဲ့သောသုံးလအတွင်း ပြည်သူများအနေဖြင့် ၎င်း၏အစိုးရအဖွဲ့အပေါ် ယုံကြည်မှုများ ကျဆင်းလျက်ရှိခဲ့သည်။ ၎င်းတို့အစိုးရအနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုကို အပြည့်အဝ လက်ခံသွားမည်ဖြစ်ပါကြောင်း ဟောင်ကောင်အုပ်ချုပ်ရေးအဖွဲ့အကြီးအကဲ ကာရီလမ်က တွေ့ဆုံပွဲ၌ အဖွင့်အမှာစကား ပြောကြားရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။

၎င်းအနေဖြင့် ပဋိပက္ခအဆုံးသတ်စေရေးအတွက် ပြည်သူများနှင့် တိုက်ရိုက်တွေ့ဆုံကာ စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်သွားရန် ဆန္ဒရှိပါကြောင်း အကြီးအကဲ ကာရီလမ်က ဆက်လက်ပြောကြားခဲ့သည်။

ဟောင်ကောင်ရာဇဝတ်ကောင်များအား တရုတ်နိုင်ငံသို့ ပို့ဆောင်ကာ တရားစီရင်ရမည်ဟူသော ဥပဒေကြမ်းကို ဟောင်ကောင်ပြည်သူများက ကျေနပ်မှုမရှိသဖြင့် ဇွန်လမှစပြီး ဆန္ဒထုတ်ဖော်မှုများကို လုပ်ဆောင်လျက်ရှိသည်။

ဟောင်ကောင်အစိုးရက အဆိုပါဥပဒေကြမ်းကို စက်တင်ဘာလအစောပိုင်းတွင် အပြီးတိုင် ပြန်လည်ရုတ်သိမ်းခဲ့သည်။ သို့သော် ပြည်သူများက ကျေနပ်မှုမရှိဘဲ အစိုးရအဖွဲ့အား ဒီမိုကရေစီစနစ် ရုပ်လုံးပေါ်လာစေရန် ဆန္ဒထုတ်ဖော်မှုများကို ဆက်လက်လုပ်ဆောင်ခဲ့သည်။

ယခုတွေ့ဆုံပွဲသည် အစိုးရအဖွဲ့နှင့် ပြည်သူများအကြား ဖြစ်ပေါ်လျက်ရှိသည့် ပဋိပက္ခကို အဆုံးသတ်ပေးနိုင်မည့် ပေါင်းကူးတံတားတစ်ခု ဖြစ်နိုင်ဖွယ်ရှိသည်ဟု ဟောင်ကောင်အုပ်ချုပ်ရေးအဖွဲ့အကြီးအကဲ ကာရီလမ်က မျှော်လင့်ထားသည်။

သို့သော် နိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခကို အမြန်ဆုံး အဆုံးသတ်ပေးနိုင်မည်ဟု ထင်မြင်မှုမရှိပါကြောင်း နိုင်ငံရေးစောင့်ကြည့်လေ့လာသူများက ဆိုသည်။ လာမည့် အောက်တိုဘာ ၁ ရက်တွင် ကျရောက်မည့် တရုတ်ပြည်သှူသမ္မတနိုင်ငံ စတင်ဖွဲ့စည်းသည့်နေ့၌ ဆန္ဒထုတ်ဖော်မှုများကို ဆက်လက်တိုးမြှင့် လုပ်ဆောင်သွားရန် ပြည်သူများက စီစဉ်လျက်ရှိကြောင်း သိရသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-အောင်ကျော်ကျော်